ကျောက်ဖြူခရိုင်တွင် ၁၅ ရက်အတွင်း လူသတ်မှု ၃ မှုဖြစ်ပွားကာ ဇွန်လမှ သြဂုတ်လအထိ လူသတ်မှု ၁၀ မှုခန့်ရှိ


သြဂုတ် ၁၄/ DNJ

ရခိုင်ပြည်နယ်ကျောက်ဖြူခရိုင်၌ ၁၅ ရက်အတွင်းလူသတ်မှု ၃ မှုခန့်ဖြစ်ပွားခဲ့ကာ ဇန်နဝါရီမှ သြဂုတ်လအထိ စုစုပေါင်း လူသတ်မှု ၁၀ မှုခန့်ရှိခဲ့ကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှသိရသည်။

အဆိုပါလူသတ်မှုများဖြစ်ပွားရခြင်းမှာ အရက်သေစာသောက်စားခြင်းနှင့်ဆက်နွယ်လျက်ရှိပြီး သြဂုတ်လ အတွင်းဖြစ်ပွားခဲ့သည့်အမှုများမှာ သြဂုတ် ၃ ရက်နေ့ကတစ်မှု၊ သြဂုတ်လ ၁၂ ရက်နေ့က တစ်မှုနှင့် သြဂုတ်လ ၁၃ ရက်နေ့တွင်တစ်မှုစသည်ဖြင့်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်များမှာ အရက်သောက် စားထားရာမှ စိတ်မထိန်းနိုင်ပဲကျုးလွန်ကြခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ရဲအုပ်ရဲထွန်းကပြောသည်။
“အဓိကတော့ အရက်သောက်ပြီးတော့ ရန်ဖြစ်ကြတယ်၊ အရက်သောက်ပြီးဖြစ်တယ် လို့ပဲသုံး သတ်ရမယ်”ဟု၎င်းကပြောသည်။

ယင်းအပြင်တရားခံများကိုဖမ်းဆီးအရေးယူနိုင်မှုအပိုင်းတွင်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း သတင်းရရှိမှုနောက်ကျခြင်းများကြောင့် အချိန်နှင့်တပြေးညီတရားခံဖမ်းဆီးနိုင်ရန် အခက်အခဲများရှိကြောင်းလည်းဆိုသည်။
“တရားခံကိုဖမ်းဆီးရတဲ့အပိုင်းမှာ အဓိကကတော့ ရေလမ်းကိုအသုံးပြုရတာကြောင့် မိုးရာသီဆိုတော့ လှိုင်းကြီးလေကြီးတာနဲ့ သွားလာရေးပိုင်းမှအခက်ခဲတွေရှိတယ်။ တစ်ချို့နေရာတွေမှာဆိုရင် ဆိုင်ကယ်လမ်းမပေါက်ဘူး။ ခြေကျင်လျောက်သွားကြရတယ်။ တစ်နာရီ နှစ်နာရီ သုံးနာရီဆိုသလို လျောက်ရတယ်။နောက် သတင်းပို့တာနောက်ကျတယ်၊ ၃ နာရီကဖြစ်တယ်ဆိုရင် ၂ နာရီလောက်ကွာမှ သတင်းပို့တယ်။ သွားရတာကလဲ ရေလမ်းကြောင်းဆိုတော့ တရာခံထွက်ပြေးဖို့အ ချိန်ရသွားတာပေါ့”ဟုလည်း၎င်းကပြောသည်။


ကျောက်ဖြူခရိုင်အတွင်း၌ မှုခင်းကျဆင်းမှုအပိုင်းနှင့်ပတ်သက်ပြီး ကျေးရွာများအထိကွင်းဆင်း ဆောင်ရွက်ခြင်းများအပြင် လှည့်ကင်းများချထားဆောင်ရွက်ခြင်းများရှိကာ တရားမဝင်အရက်ရောင်းချမှုများအား တင်းကျပ်စွာဖမ်းဆီးနေသော်လည်း လူသတ်မှုအများစုမှာ အရက်သောက်စားမှုကြောင့် စိတ်မထမ်းနိုင်ပဲဖြစ်ပွားရခြင်းဖြစ်ကြောင်းလည်း၎င်းကသုံးသပ်ပြောဆိုသည်။
“နဂိုလဲစိတ်ဆတ်တယ်၊ ဒီအထဲအရက်သောက်လိုက်တော့ ပိုဆိုးသွားတာပေါ့၊ ၁၂ ရက်နေ့ကဖြစ်တဲ့အမှုမှာဆိုရင် ပိုက်ဆံရစရာရှိလို့သွားတောင်းတယ်။ တရားခံက အရက်သောက်ထားတယ်။ အကြွေးမပေးနိုင်တဲ့အခါကျတော့ ဓားသွားယူပြီးတော့မှ လူသတ်မှုဖြစ်တာပေါ့”ဟုလည်း၎င်းကဆိုသည်။

လက်ရှိအချိန်တွင် ကျောက်ဖြူခရိုင်အတွင်းမှုခင်းကျဆင်းရေးအတွက် ကျေးရွာများအထိကွင်း ဆင်းဆောင်ရွက်ခြင်းများ၊မြို့ပေါ်ရပ်ကွက်များအတွင်း ကားဖြင့်လှည့်လှည်ခြင်းများကိုဆောင်ရွက်နေလျက်ရှိရာ တစ်ခြားအမှုများသိသိသာသာ လျော့ကျသွားသွားသော်လည်း လူသတ်မှုမှာမြင့်တက်လာသည့်အကြောင်းမှာ အရက်ကြောင့်ဖြစ်သည်ဆိုသော်လည်း ဆင်းရဲမွဲတေမှုမှာ အဓိကျကြောင်း ကျောက်ဖြူမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကဆိုသည်။
“ကျနော့်အမြင်ကတော့ အရက်ကြောင့်ဆိုရင်လဲဖြစ်သလို အဓိကတရားခံဟာ ဆင်းရဲမွဲတေမှုကြောင့်ဖြစ်တဲ့ပြဿနာတွေလို့မြင်တယ်။ ”ဟုဆိုသည်။

ယင်းအပြင် ပြစ်မှုဖြစ်ပွားခြင်းမှာ တရားဥပဒေစိုးမိုးမှုအားနည်းသည့်အတွက်ဖြစ်ပွားရခြင်းဖြစ်ပြီး အစိုးရအနေဖြင့် လုံခြုံရေးအင်အားနည်းသည့်အတွက်လည်း မှုခင်းဖြစ်စဉ်များဖြစ်ပွားရာ၌ အချိန်မီ လာရောက်တားဆီးနိုင်ခြင်းမရှိသည့်အတွက် လုံခြုံရေးအင်အားတိုးမြှင့်ချထားသင့် ကြောင်းလည်း ၄င်းကပြောသည်။

လက်ရှိအချိန်တွင် ကျောက်ဖြူခရိုင်အတွင်း၂၀၁၆ ခုနှစ် ဇန်နဝါရီလမှသြဂုတ်လအထိ မှုခင်းပေါင်း (၆၂၁)ခန့်ဖြစ်ပွားခဲ့သည့်အထဲတွင် လူသတ်မှု (၁၀)မှုခန့်ပါ ဝင်ကြောင်းလည်းသိရသည်။

ဓါတ်ပုံ - ရမ္မဝတီစိုးမိုးကျော်
Development Media Group
https://www.facebook.com/DevelopmentNJ/
ကျောက်ဖြူခရိုင်တွင် ၁၅ ရက်အတွင်း လူသတ်မှု ၃ မှုဖြစ်ပွားကာ ဇွန်လမှ သြဂုတ်လအထိ လူသတ်မှု ၁၀ မှုခန့်ရှိ   ကျောက်ဖြူခရိုင်တွင် ၁၅ ရက်အတွင်း လူသတ်မှု ၃ မှုဖြစ်ပွားကာ ဇွန်လမှ သြဂုတ်လအထိ လူသတ်မှု ၁၀ မှုခန့်ရှိ Reviewed by THITHTOOLWIN on 11:01 Rating: 5
Powered by Blogger.