အန္တရာယ်မဖြစ်စေရန် ဆော့ကစားသင့်သည့် ပိုကီမွန်ဂိုးဂိမ်း


ရန်ကုန် ဩဂုတ် ၁၂

ကမ္ဘာကျော် ပိုကီမွန်ဂိုး အင်တာနက်ဂိမ်းကို ဩဂုတ်လဆန်းပိုင်းမှစတင်ကာ ရန်ကုန်၊ မန္တလေးမြို့ ကြီးများရှိ နေရာအတော် များများတွင် စိတ်ဝင်တစား ဆော့ကစားလာကြသည်ကို တွေ့ရသည်။ ယင်းဂိမ်းနှင့်ပတ်သက်၍ ဂိမ်းကစားသူတစ်ဦးက “ကျွန်တော်က မြောက်ဒဂုံမှာနေပါတယ်။ ဆိပ်ကမ်းသာလမ်းက ဖုန်းဆိုင်မှာ အလုပ်လုပ်ပါတယ်။ ဒီဂိမ်းကို စကစားဖြစ်တာက သူများတွေ မနက်ပိုင်းအလုပ်တက်ချိန်နဲ့ ညနေပိုင်း ရုံးဆင်းချိန်တွေမှာ ခေါင်းငုံ့ပြီး ဖုန်းကိုကြည့်နေတဲ့သူတွေနဲ့ အုပ်စုလိုက်ထိုင်ပြီး ‘မိပြီ’ ဆိုပြီး ဆော့နေတာတွေ့လို့ အစ်ကိုတစ်ယောက်ကို မေးကြည့်တော့ အဲဒါ ပိုကီမွန်ဂိုးဂိမ်းဆော့နေတာဆိုပြီး ပြောပြလို့ သိရတယ်။ နောက်တော့ ကျွန်တော်လည်း သူတို့လိုပဲ လမ်းသွားရင်း ခေါင်းငုံ့ပြီး ဆော့တော့တာပဲ။ အန္တရာယ်များ မှန်းတော့သိတယ်။ ဒါပေမဲ့ သူတို့ဖမ်းခိုင်းတဲ့အကောင်လေးတွေကို လိုက်ဖမ်းဖို့ပဲ မဲနေတော့ အန္တရာယ်ကို သတိမမူမိဘူး။ အခုတော့ မဟာဗန္ဓုလပန်းခြံထဲမှာပဲ လာဆော့တော့တယ်။ အန္တရာယ်ဖြစ်မှာ မစိုးရိမ်ရတော့ဘူး ပေါ့။ ဒါပေမဲ့ ဖုန်းဘီလ်ကတော့ တစ်ရက်ကို ၈၀၀၊ ၁၀၀၀ လောက်တော့ကုန်တယ်။ ပိုကီမွန်ဂိမ်းဆော့တဲ့ သူတွေကို အကြံပေး လိုတာကတော့ ဖုန်းကိုလည်းကြည့်၊ အန္တရာယ်ကိုလည်း သတိထားပါလို့ ပြောချင်ပါတယ်” ဟု ပြောသည်။

အဆိုပါ ပိုကီမွန်ဂိုးဂိမ်းသည် အခြားဂိမ်းများကဲ့သို့ ထိုင်ရာမထ ကစား၍မရဘဲ ဂိမ်းက လုပ်ဆောင်ခိုင်းသည့် မိမိဖမ်းဆီး ရမည့် အကောင်များကို လမ်းလျှောက်ရှာဖွေရခြင်းဖြစ်သည်။ ယင်းဂိမ်းသည် ဘေးပတ်ဝန်း ကျင်ရှိအရာများကိုအာရုံမရှိဘဲ ဖုန်း မျက်နှာပြင်မှ ပြသထားသည့် အကောင်ငယ်လေးများနေရာကိုသာ ကစားသူများ အနေဖြင့် ကြည့်ရှုနေရသောကြောင့် လူရှုပ် သည့်နေရာများ တွင် လမ်းသွားလမ်းလာများကို သတိမမူတော့ဘဲ တိုက်မိခြင်း၊ ဂိမ်းအတွင်း အာရုံစိုက်နေသဖြင့် ယာဉ်အန္တရာယ်ဖြင့် ကြုံတွေ့ နိုင်ခြင်း စသည့် မလိုလားအပ်သောပြဿနာများနှင့် ရင်ဆိုင်ရနိုင်ကြောင်း၊ အလားတူဖြစ်ရပ်မျိုး အခြားနိုင်ငံများ တွင်လည်း ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ပိုကီမွန်ဂိုးဂိမ်းဆော့ကစားသူများအနေဖြင့် ဂိမ်းကစားချိန်တွင် သတိလက်လွတ်ဖြစ်တတ်သဖြင့် မိမိအတွက်ရော သူတစ်ပါး အတွက်ပါ အန္တရာယ်မဖြစ်စေဘဲ ဆော့ကစားရန် ဂိမ်းကစားသူတစ်ဦးကလည်း အကြံပြုပြောကြားသည်။

မောင်မောင် ၊ ဓာတ်ပုံ-ထွန်းအောင်ရှိန်(မြန်မာ့အလင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အန္တရာယ်မဖြစ်စေရန် ဆော့ကစားသင့်သည့် ပိုကီမွန်ဂိုးဂိမ်း  အန္တရာယ်မဖြစ်စေရန် ဆော့ကစားသင့်သည့် ပိုကီမွန်ဂိုးဂိမ်း Reviewed by THITHTOOLWIN on 07:05 Rating: 5
Powered by Blogger.