ဝါးခယ်မမြို့နယ်မှာ ကျွဲသူခိုးများ ဖမ်းမိ

 စက်လှေ/ကျွဲများ လိုက်လံခိုးယူသူများကို ရဲတပ်ဖွဲ့က ဖော်ထုတ်အရေးယူထား
နေပြည်တော်၊ ဩဂုတ် ၁၂

၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန် ဧရာဝတီတိုင်း ဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်နေစဉ် သီရိဟေမာရပ်ကွက်၌ မသင်္ကာဖွယ်လူငါးဦးအား တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့် မြို့နယ်နေ ကိုလတ်(၂၀)နှစ်၊ တစ်ရပ်တည်းနေ ဇော်ဇော်အောင်(ခ)မျိုးမင်းသူ(ခ)ခေါင်းပြားကြီး (၁၈)နှစ်၊ ကျော်လင်း(၁၉)နှစ်၊ ကျော်နိုင်(ခ)ဇင်မင်းခိုင်(၂၈)နှစ်နှင့် ဦးမိုးနိုင်(ခ)မိုးနှင်း(၅၆)နှစ်တို့ ဖြစ်ကြောင်း သိရှိရပြီး စက်လှေဖြင့် လာရောက်ခဲ့ကြောင်း၊ အလုံမြို့နယ်နေ ကိုမျိုး(၄၃)နှစ်မှာ ပေကုန်းရွာအနီး မြစ်ကမ်း၌ စက်လှေနှင့်အတူ စောင့်နေကြောင်း သိရှိရ၍ သွားရောက်ရာ ကိုမျိုးမှာ စက်လှေနှင့် ထွက်ပြေးသွားသဖြင့် လိုက်လံရှာဖွေရာ ဝတစ်လုံးရွာအနီးတွင် အလျား(၃၆)ပေ၊ အနံ(၉)ပေ(၆)လက်မ၊ စောက်(၃)ပေ(၈)လက်မရှိ မြင်းကောင်ရေ(၂၂)ကောင်တပ်ဆင်ထားသည့် စက်လှေအားထားခဲ့ကာ ဆက်လက်ထွက်ပြေးသွားခဲ့သည်။


 ဆက်လက်စစ်ဆေးချက်အရ ကိုလတ် ပါ(၅)ဦးသည် ကိုမျိုးနှင့်အတူ ပုသိမ်မြို့နယ်၊ လက်ပံရွာဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော အဆိုပါ စက်လှေကို ခိုးယူခဲ့ကြောင်း စစ်ဆေးသိရှိရ၍ စက်လှေအား သိမ်းဆည်းပြီး သင်္ဘောကျင်း နယ်မြေ ရဲစခန်း၌ ခိုးမှုမသင်္ကာဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

 ထပ်မံစစ်ဆေးချက်အရ ၎င်းတို့(၆)ဦးသည် မော်လမြိုင်ကျွန်းမြို့နယ်အတွင်းမှ ကျွဲ(၁၄)ကောင်အား ခိုးယူပြီးရောင်းချ ထားကြောင်း သိရှိရ၍ လိုက်လံသိမ်းဆည်းပြီး သက်ဆိုင်ရာရဲစခန်းများ၌ ခိုးမှုမသင်္ကာများဖြင့် ထပ်မံအမှုဖွင့်အရေးယူထားကာ အမှုများမှ ထွက်ပြေးတိမ်းရှောင်နေသည့် ကိုမျိုးအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia/
ဝါးခယ်မမြို့နယ်မှာ ကျွဲသူခိုးများ ဖမ်းမိ  ဝါးခယ်မမြို့နယ်မှာ ကျွဲသူခိုးများ ဖမ်းမိ Reviewed by THITHTOOLWIN on 19:25 Rating: 5
Powered by Blogger.