ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ မြို့ထိန်းရေကာတာ ကျိုးပေါက်မည်ကို မြို့ခံများက စိုးရိမ်နေ


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ လူနေဧရိယာများအား ပင်လယ်ရေ၀င်ရောက်မှု ကာကွယ်ရန် တည်ဆောက် ထားသည့် မြို့ထိန်းရေကာတာကျိုးပေါက်မည်ကို မြို့ခံများက စိုးရိမ်နေကြောင်း သိရှိရသည်။

 ကျောက်ဖြူမြို့အား ပင်လယ်ရေ၀င်ရောက်မှု အန္တရာယ်မှ ကာကွယ်ထားသည့် မြို့၏တောက်ဖက်ရှိ မြေသား ရေကာတာ တာတမံမှာ မိုးရွာသွန်းမှုများကြောင့် ဇူလိုင် ပထမပတ်တွင်းက ၁၅ ပေခန့် မြေသားတာ ကျိုးပေါက်သွားပြီး ရဲတပ်ဖွဲ့ဝင်များနှင့် မြို့ခံများမှ ပြုပြင် တည်ဆောက်ခဲ့ရကြောင်း သိရသည်။
“ရက်ဆက်မိုးကြီးရင်လူတွေက တာကျိုးပေါက်မှာကို စိုးရိမ်နေကြတယ်။ အခုလ သုံး ရက်က မြို့ရဲ့တောင်ဖက် မြေသားတာတံကျိုးလို့ပင်လယ်ရေဒလဟော ၀င်လာတာ။ အချိန်မီအရေးပေါ် တာဆီးကာကွယ်နိုင်လို့သာ မဟုတ်ရင်တော့အန္တရာယ် ကျရောက်နိုင်တယ်။”ဟု စေတီတောင်ရပ်ကွက်မှ မြို့ခံ ဦးလှမောင်သန်းက ပြောသည်။

 ကျောက်ဖြူမြို့ပင်လယ်ကမ်းခြေ၊ ဦးဥတ္တမပန်းခြံမှ ပြင်ဖြူမော်ထိ ကွန်ကရစ်တာတမံများဖြင့် ထိန်းသိမ်း ကာကွယ်ထားသော်လည်း တောင်ဖက်ပိုင်းရှိ ကာကွယ်ထားသည့် အရှည်ပေ ၆၀၀၀ ခန့် မြေသား တာတမံ များမှာ ခိုင်ခန့်မှုမရှိသဖြင့် မိုးရွာသွန်းမှုများကြောင့် မြေသားကျွံကျခြင်း၊ နိမ့်ကျခြင်းများအပြင် ပင်လယ် ရေလှိုင်း ရိုက်ပုပ်မှုနှင့် ဒီရေတွန်းအားအရှိန်ကြောင့် ကျိုးပေါက်ပျက်စီးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း မြို့ခံတို့ကဆိုသည်။
“ဒီိတာတမံသာ ကျိုးပေါက်သွားရင် မြို့အတွက် အန္တရာယ်များပါတယ်။ ဒီကိစ္စကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဆည်မြောင်းဦးစီးဌာနကို နှုတ်နဲ့တော့ ပြောထားပြီးပါပြီ။ ပြည်နယ်လွှတ်တော်မှာလည်း လာမယ့်အပတ် တွေကျရင် တင်ပြသွားဖို့ အစီအစဉ်ရှိပါတယ်။”ဟု ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်အမတ် ဦးဖိုးစံက ပြောသည်။

 ကျောက်ဖြူမြို့မှာ ပင်လယ်ရေပြင်အမြင့် ၁၂ ပေတွင်တည်ရှိပြီး ရပ်ကွက် ၁၀ ခုရှိရာ ဒီရေတက်ချိန်ဆိုပါက မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ကလာဘာတောင်၊ စေတီတောင်နှင့် ကညင်တော၊ ဆားပြင်ကွင်းနှင့် ပြင်ဖြူမော် ကျေးရွာများမှာ ပင်လယ်ရေမျက်နှာပြင်အောက် ၄ ပေမှ ၅ ပေထိ နိမ့်ကျသွားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ မြို့ထိန်းရေကာတာ ကျိုးပေါက်မည်ကို မြို့ခံများက စိုးရိမ်နေ  ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ မြို့ထိန်းရေကာတာ ကျိုးပေါက်မည်ကို မြို့ခံများက စိုးရိမ်နေ Reviewed by THITHTOOLWIN on 16:43 Rating: 5
Powered by Blogger.