ရေမဆေးကျောက်ရှာဖွေသူတွေကို ပိတ်ပင်မည်

ဖားကန့်မြို့နယ်က စွန့်ပစ်မြေစာပုံမှာ ရေမဆေးကျောက် ရှာနေသူတွေကို တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ် ဖါးကန့် ကျောက်စိမ်းလုပ်ကွက်တွေမှာ ကုမ္ပဏီဝန်ထမ်းတွေကလွဲပြီး ရေမဆေး ကျောက်ရှာတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ၀င်ရောက်မှုမရှိအောင် တားဆီးပိတ်ပင်သွားမယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း က ပြောပါတယ်။

ဒီနေ့ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ဦးကျော်နီနိုင်က ဥပဒေမဲ့အုပ်စုဖွဲ့ ကျုးကျော်ဝင်ရောက် ရှာဖွေနေကြတဲ့ ရေမဆေးကျောက်ရှာဖွေသူတွေကို ဘယ်လိုစီစဉ်ဆောင်ရွက်ပေးမလဲဆိုပြီး မေးမြန်းရာမှာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြန်လည်ပြောကြားခဲ့တာဖြစ်ပါတယ်။

ကျောက်မျက်တူးဖော်ရေးလုပ်ငန်းရပ်နားထားတဲ့ မိုးရာသီကာလမှာ စုပုံထားတဲ့ မြေစာတွေထဲ ကျောက်ရိုင်းတွေကို အလွယ်တကူရှာဖွေနိုင် တာ၊ ကျောက်ကြောအထိတူးဖော်ထားတဲ့ လုပ်ကွက် တွေမှာ တာဝန်ရှိသူတွေကို ငွေကြေးပေးပြီး ကျောက်စိမ်းအလွယ်တကူ တူးဖော်နိုင် တာတွေကြောင့် ရေမဆေးရှာဖွေသူတွေ တိုးလာတာဖြစ်တယ်လို့ ၀န်ကြီး ဦးအုန်းဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီကနေ ဒီနှစ် ဇွန်လအထိ လုပ်ကွက်တွေအတွင်း ရေမဆေးရှာဖွေသူတွေ ကျုးကျော် ၀င်ရောက်မှု အကြိမ် ၄၀၊ ကျုးကျော်တဲဆောက် ဖို့ မြေနေရာဦးတာ ၁၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ၂၀၁၃ ခုနှစ်ကစပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလအထိ လုပ်ကွက်တွေအတွင်း ၀င်ရောက်လာတဲ့ ရေမဆေးကျောက်ရှာဖွေသူ ၄ထောင်ကျော် ကို နေရပ်ပြန်ပို့ခဲ့တယ်လို့ ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာပုံပြိုကျမှုတွေကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေ မကြာခဏသေဆုံးခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရေမဆေးကျောက်ရှာဖွေသူတွေကို ပိတ်ပင်မည်  ရေမဆေးကျောက်ရှာဖွေသူတွေကို ပိတ်ပင်မည် Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.