ဖောင်းပြင်မြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများ အစားအသောက်များ လိုအပ်နေ

 စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်အတွင်း ချင်းတွင်းမြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးသင့် ပြည်သူများ
အစားအသောက်များ လိုအပ်နေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်အတွင်း ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူ များမှာ ဆန်၊ ဆီအစရှိသည့် အစားအသောက်ပစ္စည်းများ လိုအပ်နေကြောင်း သိရှိရသည်။

ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့နယ်အတွင်း မြစ်ရေမှာ ဇူလိုင်လ ပထမအပတ်မှ စတင်ဝင်ရောက်ခဲ့ပြီး ဒေသခံများမှာ မိမိတို့နှင့်နီးစပ်သည့် ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ သီလရှင်ကျောင်း၊ လောကနန္ဒာ ဘုရားဇရပ်၊ ခရစ္စယာန်ကျောင်း၊ စည်ပင်ဈေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရုံးစသည့် နေရာများတွင် ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။

 ရေဘေးရှောင်စခန်းများ သို့ ပြောင်းရွှေ့နေထိုင်နေရသူများအား ဖောင်းပြင်မြို့(ခမရ) (၃၆၇)နှင့် (၃၆၈) တပ်ရင်း (၂)ခုတို့မှ ခေါက်ဆွဲခြောက်များလှူဒါန်းခဲ့ပြီး ဇူလိုင် ၂၉ ရက်တွင်လည်း ဖောင်းပြင်မြို့နယ်၊ အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဆန်၊ ဆီ စသည့် အစားအသာက်များလှူဒါန်းခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ကတော့ ရေဘေးသင့်ပြည်သူတွေအားလုံးရဲ့ စာရင်းကိုကောက်ယူထားပါတယ်။ ရေယာဉ်တွေ မထွက်နိုင်တော့ ကုန်ဈေးနှုန်းတွေ ကြီးလာသလို အလုပ်အကိုင်မရှိတော့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြပါတယ်။” ဟု ဖောင်းပြင်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဇော်မျိုးဝါက ပြောသည်။

ချင်းတွင်းမြစ်ရေ ဝင်ရောက်ခဲ့မှုကြောင့် မော်လိုက်မြို့ပေါ်ရှိ ရပ်ကွက်များအပြင် နတ်ဆက်၊ ပိုးစာကုန်း၊ ကယား၊ အင်းပေါက်၊ ဟဲနှိမ်၊ သငါ၊ ရောင်းရွာစသည့် စုစုပေါင်းကျေးရွာ ၁၈ ရွာမှ အိမ်ထောင်စုပေါင်း ၂၈၆ အိမ် ရေဝင်ရောက်ခဲ့ပြီး ရေဘေးသင့်ပြည်သူ ၁၄၅၀ အထိ ရှိနေကြောင်း ဖောင်းပြင်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ဖောင်းပြင်မြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများ အစားအသောက်များ လိုအပ်နေ   ဖောင်းပြင်မြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများ အစားအသောက်များ လိုအပ်နေ Reviewed by THITHTOOLWIN on 16:46 Rating: 5
Powered by Blogger.