အင်္ဂတေကြမ်းခင်း ပြိုကျ၍ လူတဦးသေဆုံးခဲ့သည့် နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံ တိုးချဲ့ဆောင်သည် ခွင့်ပြုချက်မဲ့ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရ


ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဗညားဒလလမ်းပေါ်ရှိ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်း ခွဲစိတ်အထူးကု ဆေးရုံဝင်းအတွင်းရှိ ဆောက်လုပ်ဆဲ တိုးချဲ့အဆောက်အအုံ၏ ပဉ္စမထပ်တွင် အင်္ဂတေကြမ်းခင်းလောင်းရာမှ ပြိုကျမှု ယနေ့ (သြဂုတ် ၁၃) မနက် ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ရာ ဆောက်လုပ်ရေးဝန်ထမ်း ကိုထွန်းလင်းနောင် (၃၂ နှစ်) သေဆုံးသွားကြောင်း သိရသည်။

ယင်းတိုးချဲ့အဆောက်အဦသည် ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ(အဆောက်အအုံ )ဌာနထံမှ ခွင့်ပြုချက်ပေးထားခြင်း မရှိသည့်အတွက် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်လည်စိစစ်ကာ စည်ပင်ဥပဒေအရေ အရေး ယူသွားမည်ဖြစ်ကြောင်း စီမံရေးရာဌာနမှ လက်ထောက်ဌာနမှူး ဦးအောင်သန်းထွဋ်ကပြောသည်။

“ ဒီအဆောက်အဦက ကျန်းမာရေးဝန်ကြီးပိုင်တဲ့ မြေနေရာဝန်းထဲမှာ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တိုးချဲ့အဆောင်။ တည်ဆောက်တဲ့ ကုမ္ပဏီက မင်းလွင်ဆောက်လုပ်ရေးကုမ္ပဏီ။ ဒီလိုမျိုး ပြိုထွက်သွားတယ်ဆိုတဲ့အချိန်မှာ မြို့တော် စည်ပင်ရဲ့ ခွင့်ပြုချက်ရှိလားဆိုတော့ မြို့တော်စည်ပင်က ခွင့်ပြုချက်တော့ မရှိသေးဘူး။ မြို့တော်စည်ပင်က ခွင့်ပြုချက် ပေးထားတာ မဟုတ်သေးဘူး။ အဲဒီတော့ မြို့တော်စည်ပင် စည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူဆောင်သွားမယ်။ တည်ဆောက်မှုအပိုင်းနဲ့ပတ်သက်ပြီးတော့ ကျွမ်းကျင်တဲ့ပညာရှင် မရှိသေးဘူး။ စည်ပင်ရဲ့ စည်းမျဉ်းစည်းကမ်းအရ စစ်မယ်။ စစ်ပြီးတော့ ဒီဟာသည် ခိုင်ခံ့မှု ရှိမရှိကို ပြန်ကြည့်မယ်။ ကြည့်ပြီးတော့ အရေးယူဆောင်ရွက်သွားမှာပါ” ဟု ဦးအောင်သန်းထွဋ်ကပြောသည်။

အဆိုပါအဆောက်အဦ ဆောက်လုပ်ခွင့်ပြုရန် ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဆောက်လုပ်ခွင့်တင်ပြထားသော်လည်း စာရွက်စာတမ်း အထောက်အထားများ မပြည့်စုံသေးသည့်အတွက် ခွင့်ပြုချက်မပေးခဲ့ကြောင်းနှင့် အထောက်အထားအ ပြည့်အစုံဖြင့် ပြန်လည်တင်ပြရန် ညွှန်ကြားထားသည့် အဆောက်အဦဖြစ်ကြောင်း အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနမှသိရသည်။

အဆိုပါအဆောက်အအုံ၏ ပဉ္စမထပ်အင်္ဂတေကြမ်းခင်းပြိုကျခဲ့သည့်အတွက် ဆောက်လုပ်ရေးဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးသေဆုံးခဲ့သည်။ ယင်းသေဆုံးမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း တာမွေမြို့ နယ်၊ ရဲတပ်ဖွဲ့မှူး၊ ရဲမှူးမျိုးမြင့်ကြိုင်က ပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အင်္ဂတေကြမ်းခင်း ပြိုကျ၍ လူတဦးသေဆုံးခဲ့သည့် နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံ တိုးချဲ့ဆောင်သည် ခွင့်ပြုချက်မဲ့ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရ  အင်္ဂတေကြမ်းခင်း ပြိုကျ၍ လူတဦးသေဆုံးခဲ့သည့် နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံ တိုးချဲ့ဆောင်သည် ခွင့်ပြုချက်မဲ့ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရ Reviewed by THITHTOOLWIN on 18:48 Rating: 5
Powered by Blogger.