ရှမ်းပြည် မြောက်ပိုင်း သိန္နီမြို့အဝင်တွင် ယာဉ်တစ်စီးပေါ်မှ ဘိန်းညိုမှုန့် ကျပ်သိန်း ၅၄၀၀ ဖိုး ဖမ်းဆီးရမိ


ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့အဝင် တိုးဂိတ်အနီးတွင် ရဲတပ်ဖွဲ့ဝင်များ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်နေစဉ် ISUZU Hilux အမျိုးအစား မော်တော်ယာဉ်ပေါ်မှ တန်ဖိုးကျပ်သိန်းပေါင်း ၅၄၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သြဂုတ် ၁၀ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

 အမှတ် ၂၄ မူးယစ်တပ်ဖွဲ့စု(လားရှိုး)မှ ရဲအုပ် ငြိမ်းချမ်းစိုးနှင့် ပူးပေါင်းအဖွဲ့များသည် သိန္နီမြို့အဝင် တိုးဂိတ်အနီး တွင် ပိတ်ဆို့စစ်ဆေးရှာဖွေမှုများပြုလုပ်နေစဉ် ကွတ်ခိုင်မြို့ဘက်မှ သိန္နီမြို့ဘက်သို့ ယာဉ်မောင်း အိုက်လှ မောင်းပြီး ညီထွန်း(ခ)အိုက်ညီလိုက်ပါလာသော 4J/ 76--- ISZUSU Hilux အဖြူကားအားစစ်ဆေးရာ ကား နောက်ခန်း ကြမ်းပြင် နှစ်ထပ်အံဝှက်အတွင်းမှ ၆၀ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ်သိန်း ၅၄၀၀ ရှိ ဘိန်းညိုမှုန့်များ အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကွတ်ခိုင်ကနေပြီးတော့မှ မူးယစ်ဆေးတွေသယ်ပြီး ကွမ်းလုံမြို့ဘက်သွားမယ်ဆိုတဲ့ သတင်းရလို့ ကျွန်တော်တို့ တပ်ဖွဲ့က စောင့်ပြီးဖမ်းဆီးနိုင်ခဲ့တာပါ။”ဟု အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စု (လားရှိုး)မှ ရဲအရာရှိတစ်ဦးကပြောသည်။ အဆိုပါ မူးယစ်ဆေးဝါးများကိုသယ်ဆောင်လာသူ တာမိုးညဲးမြို့နယ်ခွဲ၊ မုံးစီအုပ်စု၊ မန်ပုံ ရွာနေ စံလှ(ခ) အိုက်လှ နှင့် ကွတ်ခိုင်မြို့နယ်၊ ဟိုဖြတ်ကျေးရွာနေ ညီထွန်း(ခ)အိုက်ညီ တို့ဖြစ်ပြီး သယ်ဆောင်ခိုင်းသူ များမှာ တာမိုးညဲး မြို့နယ်ခွဲ၊ မုံးစီအုပ်စု၊ မန်ပုံရွာနေ အားကြူ(ခ)ကျူးရင်ရွှမ်း နှင့် ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးရွာနေ အိုက်ဖုန်း တို့ဖြစ်ကြောင်း သိရသည်။

 ၎င်းတို့အား သိန္နီမြို့မရဲစခန်းမှ မူးယစ်(ပ)၂၄/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိပြီး ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးရွာနေ အိုက်ဖုန်း(၃၅)နှစ်မှာ လွတ်မြောက်နေကြောင်း အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စုရုံး(လားရှိုး)မှ သိရသည်။ ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင်ခြင်းမှာ ယခုအကြိမ်သည် ငါး ကြိမ်မြောက်ဖြစ်ကြောင်း ၎င်းတို့၏ ရဲစခန်းတွင် ထွက်ဆိုချက်အရ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ရှမ်းပြည် မြောက်ပိုင်း သိန္နီမြို့အဝင်တွင် ယာဉ်တစ်စီးပေါ်မှ ဘိန်းညိုမှုန့် ကျပ်သိန်း ၅၄၀၀ ဖိုး ဖမ်းဆီးရမိ  ရှမ်းပြည် မြောက်ပိုင်း သိန္နီမြို့အဝင်တွင် ယာဉ်တစ်စီးပေါ်မှ ဘိန်းညိုမှုန့် ကျပ်သိန်း ၅၄၀၀ ဖိုး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:51 Rating: 5
Powered by Blogger.