ဖိလစ်ပိုင် ရဲနဲ့ အစိုးရအရာရှိတွေ လာရောက်အဖမ်းခံကြပြီ

ဖိလစ်ပိုင် သမ္မတ Rodrigo Duterte (Credit: AFP) 
ဖိလစ်ပိုင် ​သမ္မတအသစ် ​ရော်ဒရီကို ​ဒူတာတေးက ​တရားမဝင် ​မူးယစ်ဆေးဝါး ​ကုန်ကူးမှုတွေမှာ ​ပါဝင်တဲ့ ​အစိုးရ ​အရာရှိတွေ၊ ​ရဲတွေရဲ့ ​နာမည်စာရင်းကို ​ထုတ်ဖော်ပြီးတဲ့နောက် ​လူအယောက် ​၅၀ ​ကျော် ​ရဲစခန်းကို ​လာပြီး ​အဖမ်းခံခဲ့ကြပါတယ်။

ဖိလစ်ပိုင် ​သမ္မတက ​တရားမဝင် ​မူးယစ်ကုန်ကူးမှုမှာ ​ပါဝင်တဲ့ ​အစိုးရ ​အရာရှိ ​အယောက်ပေါင်း ​၁၆၀ ​လောက်ရှိတယ်လို့ ​တနင်္ဂနွေနေ့တုန်းက ​ပြောဆိုပြီးတဲ့နောက် ​မြို့တော်ဝန် ​၂၇ ​ဦး၊ ​ရဲ ​၃၁ ​ယောက်တို့ ​မနီလာမြို့က ​ရဲစခန်းကို ​လာရောက် ​အဖမ်းခံလိုက်ကြတာ ​ဖြစ်ပါတယ်။

၂၄ ​နာရီအတွင်းမှ ​အဖမ်းမခံရင် ​သတ်ပစ်မယ်လို့ ​သမ္မတက ​ပြောထားတဲ့အတွက် ​အစိုးရဝန်ထမ်း ​အယောက် ​၆၀ ​နီးပါး ​လာရောက်အဖမ်းခံကြတာပါ။

ဒါ့အပြင် ​နယ်တွေမှာ ​တာဝန်ထမ်းဆောင်တဲ့ ​အစိုးရ ​ဝန်ထမ်းတွေကလည်း ​၂၄ ​နာရီအတွင်း ​မနီလာမြို့အထိ ​မရောက်နိုင်မှာ ​စိုးလို့ ​ဆိုင်ရာ ​ရဲစခန်းမှာ ​မကြာခင် ​အဖမ်းခံမယ့်အကြောင်း ​ကြိုတင် ​အကြောင်းကြားထားကြတယ်လို့ ​ဆိုပါတယ်။

အစိုးရ ​အရာရှိတွေအပြင် ​မူးယစ်ကုန်ကူးမှုလုပ်တယ် ​ဆိုတဲ့ ​သမ္မတရဲ့ ​စာရင်းထဲမှာ ​စီးပွားရှင်တွေ၊ ​တရားသူကြီးတွေ၊ ​လွှတ်တော်အမတ်ဟောင်းတွေ၊ ​စစ်သားတွေလည်း ​ပါဝင်ကြပါတယ်။

သမ္မတ ​ဒူတာတေးဟာ ​မဲဆွယ် ​စည်းရုံးရေး ​ကာလကတည်းက ​သမ္မတ ​ဖြစ်လာရင် ​၆ ​လအတွင်း ​ရာဇာဝတ်သားတွေကို ​နှိမ်နင်းမယ်လို့ ​ပြောထားတဲ့အတိုင်း ​သမ္မတ ​သက်တမ်း ​၃ ​လအတွင်း ​မူးယစ်ကုန်ကူးတယ်လို့ ​ယူဆရသူ ​အယောက် ​၄၀၀ ​ကျော် ​ပစ်သတ်ခံရပြီ ​ဖြစ်ပါတယ်။

တချို့ ​သတင်းတွေမှာတော့ ​အယောက် ​၈၀၀ ​လောက် ​သေဆုံးရပြီလို့ ​ပြောပါတယ်။

လက်နက်ချ ​အဖမ်းခံတဲ့ ​ရဲတွေကို ​စုံစမ်းပြီး ​မူးယစ်ကုန်ကူးတာတွေ ​လုပ်တယ်လို့ ​အခိုင်အမာတွေ့ရှိရင်တော့ ​ထိုက်တန်တဲ့အပြစ် ​ပေးသွားမယ်လို့ ​ဖိလစ်ပိုင်ရဲ ​အရာရှိက ​ရိုက်တာ ​သတင်းကို ​ပြောပါတယ်။

သမ္မတ ​ဒူတာတေးရဲ့ ​မူဝါဒကို ​လူ့အခွင့်အရေး ​အဖွဲ့တွေက ​စိုးရိမ်မကင်း ​ဖြစ်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဖိလစ်ပိုင် ရဲနဲ့ အစိုးရအရာရှိတွေ လာရောက်အဖမ်းခံကြပြီ  ဖိလစ်ပိုင် ရဲနဲ့ အစိုးရအရာရှိတွေ လာရောက်အဖမ်းခံကြပြီ Reviewed by THITHTOOLWIN on 13:20 Rating: 5
Powered by Blogger.