တူရကီအသေခံဗုံးခွဲမှု ကလေးငယ်လေး ပြုလုပ်ခဲ့ခြင်းဖြစ်

တူရကီအသေခံဗုံးခွဲမှုအတွင်းသေဆုံးသွားသူများ၏ မိသားစုဝင်များ
တူရကီနိုင်ငံ အရှေ့တောင်ပိုင်း Kurd လူမျိုးအများစုနေထိုင်ရာ Ga zian tep မြို့က မင်္ဂလာဆောင်တခုမှာ စနေနေ့က အသေခံဗုံး ဖေါက်ခွဲသူဟာ ကလေးငယ်တဦးဖြစ်ပြီး ဗုံးဒဏ်ကြောင့် ၅၁ ယောက် ထက်မနည်း သေဆုံးခဲ့ရသလို လူ ၂၀ လောက် ဒဏ်ရာရပြီး အများစုဟာ အခြေနေစိုးရိမ်ရတယ်လို့ တူရကီသမ္မတ Recep Tayyip Erdogan က ပြောကြားလိုက်ပါတယ်။

ကနဦးရရှိတဲ့ အထောက်အထားတွေ အရ အသေခံ ဗုံးခွဲသူဟာ အသက် ၁၂ နှစ်ကနေ ၁၄ နှစ်ကြားရှိတယ်လို့ သမ္မတက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒါ့အပြင် ဆီးရီးယား နယ်စပ်နားမှာရှိတဲ့ Ga zian tep မြို့ကလေးက အခုလိုတိုက်ခိုက်မှုကို IS အစွန်းရောက်တွေက လုပ်ခဲ့ပုံရတယ်လို့လည်း ပြောပါတယ်။

အစောပိုင်းထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ မစ္စတာ Erdogan က အိုင်အက်စ် စစ်သွေးကြွတွေနဲ့ မတရားသင်း ဖြစ်တဲ့ Kurd အလုပ်သမားပါတီ PKK က စစ်သွေးကြွတွေကြား ကွဲပြားမှု မရှိဘူးလို့ ပြောကြားခဲ့ပြီး၊ ပြီးခဲ့တဲ့လ မအောင်မြင်တဲ့ အာဏာသိမ်းမှုကို အမေရိကန် အခြေစိုက် အစ္စလာမ် တရားဟောဆရာ Fethullah Gulen ရဲ့ နောက်လိုက်တွေက လုပ်ဆောင်တာလို့ ဖေါ်ပြထားပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော်ကတော့ Ga zian tep က မင်္ဂလာဆောင်ပွဲကို ပစ်မှတ်ထားပြီး လူမဆန်တဲ့ လုပ်ရပ်နဲ့ သူရဲဘောကြောင်စွာ တိုက်ခိုက်တဲ့ သူတွေဆိုပြီး အပြစ်တင်ရှုံ့ချလိုက်ပါတယ်။ တနင်္ဂင်္နွေနေ့ သမ္မတ အိမ်ဖြူရဲ့ ကြေညာချက်ထဲမှာ အကြမ်းဖက်မှု ချေမှုန်းရေးကို တူရကီအစိုးရနဲ့ အတူ လက်တွဲလုပ်ဆောင်မယ့် အမေရိကန်ရဲ့ သံဓိဌာန်ကို ခိုင်မာကြောင်း ပြသဖို့ ဒု-သမ္မတ Joe Biden ဟာ ဗုဒ္ဓဟူး နေ့မှာ တူရကီနိုင်ငံ Ankara ကို သွားရောက်မှာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
တူရကီအသေခံဗုံးခွဲမှု ကလေးငယ်လေး ပြုလုပ်ခဲ့ခြင်းဖြစ် တူရကီအသေခံဗုံးခွဲမှု ကလေးငယ်လေး ပြုလုပ်ခဲ့ခြင်းဖြစ် Reviewed by THITHTOOLWIN on 08:43 Rating: 5
Powered by Blogger.