ရွှေဆိုင်ပိုင်ရှင်လင်မယား အဆိပ်သောက်သေဆုံး


ကရင်ပြည်နယ် မြ၀တီမြို့မှာ ရွှေဆိုင်ဖွင့်ရောင်းချနေတဲ့ လင်မယားနှစ်ဦးစလုံး အတူတကွ အဆိပ်သောက်ပြီး မိမိကိုယ်ကို သတ်သေခဲ့မှုတစ်ခု သြဂုတ် (၂၃) ရက် ည (၁၀) နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 ဖြစ်စဉ်မှာ မြ၀တီမြို့အမှတ် (၂)ရပ်ကွက်မြရတနာလမ်း၊ အိမ်အမှတ်(စ/၃၀၄)မှာ နေထိုင်ကြတဲ့ ဦးမိုးဝင်း၊ (၄၉ နှစ်)နဲ့ ဇနီးဖြစ်သူ မအေးအေး (၄၃ နှစ်) တို့ဟာ သြဂုတ် (၂၃) ရက် ည (၁၀) နာရီကသုံးထပ်နေအိမ်ဒုတိယထပ် အိပ်ခန်းအတွင်း သေဆုံးနေတာကို တစ်အိမ်တည်း အတူနေ ဦးလေးဖြစ်သူ ဦးအေးမြင့်ရဲ့သမီးမလွင်ကိုက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်လူကြီးတွေဆီ အကြောင်းကြားခဲ့ကြောင်း၊မြ၀တီမြို့မရဲစခန်းမှူး ရဲမှူးကိုကိုနိုင်နဲ့ တာဝန်ရှိတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးရာ သေ ဆုံးသူလင် မယားနှစ်ဦးဟာ အခြားထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရဘဲ မျက်နှာပြင်တွေ ညိုမည်းပြီး အဆိပ်ဖြစ်စေတတ်တဲ့ အရည်တစ်မျိုးကို သောက်သုံးပြီး သေဆုံးတယ်လို့ အတည်ပြုနိုင်ခဲ့ကြောင်း၊ သေဆုံးတာနဲ့ ပတ်သက်တဲ့ အဖြစ်မှန်ကိုသိရှိနိုင်ဖို့၊ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်၊ မဟုတ်စုံစမ်းစစ်ဆေးနိုင်ဖို့ မြ၀တီရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၉/၂၀၁၆)နဲ့အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။


 သေဆုံးသူလင်မယားဟာ ဘုရင့် နောင်ဈေးကြီးမှာ "ရွှေရည်ဖူး" ဆိုင် အမည်နဲ့ ရွှေ ဆိုင်ဖွင့်ထားကြောင်း၊ အခုတလောဆိုင်ပိတ်ထားတာ ငါးရက် လောက်ရှိပြီထင်ကြောင်း၊သြဂုတ် (၂၃) ရက်က ရန်ကုန်ပြန်မယ်လို့ ဦးလေးဖြစ်သူ ဦးအေးမြင့်ဆီကို ဖုန်းဆက်ပါသေးကြောင်း၊ ဘာကြောင့်အခုလို အဆိပ်သောက်သေ ရတာကိုတော့ မသိရသေးကြောင်း၊ သူတို့လင်မယားနှစ်ယောက်မှာ သားသမီးလေးဦး ကျန်ရစ်ခဲ့ကြောင်း၊ သားသမီးတွေကလည်း မြ၀တီမှာမနေကြဘဲ ရန်ကုန်ကဆွေမျိုးတွေဆီမှာနေကြတယ်လို့ သိရကြောင်း၊ သေဆုံးသူနှစ်ဦးရဲ့ အနီးမှာ တွေ့ရှိခဲ့တဲ့ သက်သေခံပစ္စည်းတွေကို ဓာတုဗေဒဌာနကိုပို့ပြီး စစ်ဆေးသွားမှာဖြစ်ကြောင်း၊သေဆုံးသူတွေရဲ့ အစာအိမ်ထဲမှာ တကယ်ပဲ အဆိပ်တွေရှိသလားဆိုတာ ခွဲစိတ်စစ်ဆေးပြီး ကျန်းမာရေးဌာနတွေကို ပေးပို့မှာ ဖြစ်ကြောင်း၊ တွေ့ရှိချက်တွေကို တရားသူကြီးထံ ပေးပို့တင်ပြရမှာဖြစ်ကြောင်း လောလောဆယ်မှာတော့ ဘာကြောင့်အဆိပ် သောက်ပြီး သက်သေ ရတယ်ဆိုတာကို စစ်ဆေးဆောင်ရွက် နေကြောင်း မြ၀တီမြို့မရဲစခန်းမှူးကပြောကြားခဲ့ပါတယ်။ ဒီသတင်းကို KKTM(မြ၀တီ)က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ရွှေဆိုင်ပိုင်ရှင်လင်မယား အဆိပ်သောက်သေဆုံး  ရွှေဆိုင်ပိုင်ရှင်လင်မယား အဆိပ်သောက်သေဆုံး Reviewed by THITHTOOLWIN on 10:24 Rating: 5
Powered by Blogger.