နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရွာငါးရွာတွင် အမည်မသိကူးစက်ရောဂါတမျိုး ဖြစ်ပွားနေရာ အဆိုပါ ရောဂါကို စစ်ဆေးဖော်ထုတ်ရန် သဘာဝဘေးနှင့် ကူးစက်ရောဂါဌာနခွဲမှ ပညာရှင်များပါဝင်သောအဖွဲ့သည် သြဂုတ် ၄ ရက်တွင် စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း ယင်းဌာနခွဲ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။
''ဗဟိုက လက်ထောက်ညွှန်ကြားရေးမှူး ၃ ဦး၊ တိုင်းက ၂ ဦးပါတဲ့ အဖွဲ့သွားမယ်။ ရောဂါရှာဖွေရေးပစ္စည်း အပြည့်အ၀နဲ့ပေါ့။ ခရီးကဝေးတော့ သုံးလေးရက်လောက် သွားရမယ်ထင်တယ်''ဟု ဒေါက်တာသန်းထွန်းအောင်က ဆိုသည်။
အဆိုပါ ရောဂါရှာဖွေရေးအဖွဲ့သည် ရောဂါဖြစ်ပွားရာ ကျေးရွာများတွင် သွေးရည်ကြည်များ စုဆောင်းရယူ မည်ဖြစ်ကြောင်းနှင့် ယင်းသွေးရည်ကြည်များကို ရန်ကုန်ရှိ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းသို့ ပို့ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။
ဓာတ်ခွဲစစ်ဆေးမှုမလုပ်နိုင်သေးသည့်အတွက် မျက်မြင်အနေအထားအရ ကလေးများတွင် ဖြစ်ပွားသည့် ရောဂါမှာ ၀က်သက်ရောဂါဟု ယူဆ၍ရကြောင်း၊ လူကြီးများမှာ အခြားရောဂါများနှင့် ရောနှောနေကြောင်း၊ ကလေးများမှာ ဖျားပြီး အနီစက်ထွက်ကာ ဗိုက်ပူလာကြောင်း သိရသည်။
''ရန်ကုန်မှာ ဓာတ်ခွဲစစ်ဆေးပြီးရင်တော့ ဘာရောဂါလဲဆိုတာ သိရမှာပါ'' ဟု ဒေါက်တာသန်းထွန်းအောင်က ပြောသည်။
လက်ရှိအချိန်တွင် အမည်မသိ ကူးစက်ရောဂါခံစားနေရသော နန်းယွန်းမြို့ ဒုံဟီးမြို့နယ်ခွဲအတွင်းရှိ ကဲဆန်ကားလန်ရွာ၊ ကဲဆန်ဆားလင်းရွာ၊ ကဲဆန်ဘောက်လွန်းရွာ၊ လဟယ်မြို့နယ်အတွင်းရှိ ထန်ခေါ် လားမားရွာ၊ လမ်းတိုင်းရွာ၊ ခမ်းလိုင်းရွာ၊ ထန်ခေါ်နောက်ပိုးရွာ၊ စိမ့်ပါးရွာ စသည့် ရွာရှစ်ရွာတို့တွင် ဇွန်လလယ်မှစ၍ သြဂုတ် ၃ ရက်အထိရောဂါဖြစ်ပွားသူ ၁၀၀ ကျော်နှင့် သေဆုံးသူ ၃၆ ဦးအထိရှိနေကြောင်း၊ ရောဂါဝေဒနာခံစားနေရသူများလည်းရှိနေကြောင်း၊ နာဂဒေသဦးစီးအဖွဲ့၏ ထုတ်ဖော်ပြောဆိုချက်များအရ သိရသည်။
ကူးစက်ရောဂါဖြစ်ပွားနေသည့် နန်းယွန်းမြို့နယ်တွင် လူဦးရေငါးသောင်းကျော်နေထိုင်ပြီး လဟယ်မြို့နယ်တွင် လူဦးရေလေးသောင်းကျော်နေထိုင်လျက်ရှိကြောင်း ဆေးရုံမှလည်း တမြို့နယ်လျှင် တရုံသာရှိပြီး ဆရာဝန်မှာ တမြို့နယ်တယောက်သာရှိကြောင်း သိရသည်။
AT
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal