တက်တူးထိုးသူများ သတိထား၊ ဆေးမင်ရည်ပါဓာတုပစ္စည်းကြောင့် အရေပြားရောဂါဖြစ်ပွားမှုများပြားလာ


မြန်မာနိုင်ငံအတွင်းရှိ လူငယ်များအကြားတွင် တက်တူး ဆေးမင်ကြောင်ထိုးခြင်းကို ဖက်ရှင်သဖွယ် ပံျ့နှံ့လာလျက်ရှိရာ ခန္ဓာကိုယ်ပေါ် တက်တူးဆေးမင်ထိုးသူများတွင် တက်တူးထိုးခြင်းကြောင့် မလိုလားအပ်သော ရောဂါကူးစက်ခံရမှုများနှင့် အရေပြားရောဂါပြဿနာဖြစ်သူများ ပို၍များပြားလာလျက်ရှိသည်ဟု မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှ အထွေထွေရောဂါကုဆရာဝန်ကြီးတဦး၏ ပြောပြချက်အရ သိရသည်။

''ဒီနေ့လူငယ်ထုအကြားမှာ တက်တူးထိုးခြင်းကို ဖက်ရှင်တခုအသွင်နဲ့ နေရာဝင်ယူလာပါတယ်။ တက်တူးထိုးတာကို လူငယ်ယောကျာ်းလေးတွေအပြင် မိန်းကလေးတွေပါ ထိုးလာကြတာက ခေတ်ရဲ့တိုးတက်မှုဆိုရင်တော့ ဒါဟာ မြန်မာနိုင်ငံအနာဂတ်မျိုးဆက်လူငယ်တွေအတွက် ကောင်းတဲ့ လက္ခဏာတခုမဟုတ်ပါဘူး။ အခုနောက်ပိုင်းမှာ တက်တူးဆေးမင်ကြောင့် မလိုလားအပ်တဲ့ရောဂါတွေ ကူးစက်ခံရမှုနဲ့ အရေပြားရောဂါပြဿနာဖြစ်သူတွေ များလာပါတယ်။ အရင်က အရေပြားရောဂါနဲ့ပတ်သက်လို့ ဖြစ်ပွားသူ အလွန်နည်းပါတယ်။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှ တက်တူးဆေးမင်ကြောင်ထိုးခြင်းကြောင့် အရေပြားရောဂါဖြစ်ပွားသူ ပိုများလာပါတယ်။ တက်တူးဆေးမင်ထိုးလို့ ခန္ဓာကိုယ်က ပိုလှမလာပါဘူး။ မိမိရဲ့ ခန္ဓာကိုယ်ကို တကယ်လှပစေချင်တယ်ဆိုရင် ကျန်းမာရေးကို လေ့လာလိုက်စားပြီး အားကစားတခုခုကိုလုပ်ကြဖို့ လိုအပ်ပါတယ်''ဟု မြန်မာနိုင်ငံဆရာဝန်များအသင်း (မန္တလေး)မှ အထွေထွေရောဂါကုဆရာဝန်ကြီးတဦးက ပြောသည်။

မန္တလေးအထွေရောဂါကုဆေးရုံကြီးရှိ အရေပြားရောဂါကုဌာနတွင် ယခုနှစ် ဇန်န၀ါရီမှ ဇူလိုင်လအထိ တက်တူးဆေးမင်ကြောင်ထိုးခြင်းကြောင့် ဖြစ်ပွားသည့် အရေပြားဝေဒနာရှင် ၁၃၀ ခန့်ရှိသည်ဟု ဆေးကုသမှုမှတ်တမ်းများအရ သိရသည်။

ယခုအခါ ခန္ဓာကိုယ်ပေါ် တက်တူးဆေးမင်ထိုးသူများတွင် မလိုလားအပ်သော ရောဂါကူးစက်ခံရမှုများနှင့် အရေပြားရောဂါ ပြဿနာဖြစ်သူများလာပြီး ဆေးမင်ထိုးထားသူ ၅၀၀ အား အမေရိကန်ကျန်းမာ ရေးသုတေသီများက တွေ့ဆုံမေးမြန်းခဲ့ရာတွင် ၄၀ ရာခိုင်နှုန်းခန့်သည် အရေပြား ယားယံခြင်း၊ နာကျင်ခြင်း၊ အနာဖြစ်ခြင်းစသည့် လက္ခဏာများကို ခံစားကြရကြောင်း၊ ၎င်းဝေဒနာခံစားရသူများ၏ ၁၀ ရာခိုင်နှုန်းခန့်သည် ဝေဒနာကို အနည်းဆုံး လေးလခန့်အထိ ခံစားကြရကြောင်း၊ သို့သော်လည်း ဆေးမင်ထိုးသူတိုင်း အဆိုပါရောဂါ လက္ခဏာများဖြစ်ပွားခြင်းမရှိသော်လည်း ဆေးမင်ရည်၌ပါဝင်သည့် ဓာတုပစ္စည်းကြောင့် လူ့ခန္ဓာကိုယ်တွင်းရှိ ကိုယ်ခံအားအပေါ်မူတည်ပြီး အရေပြားယားယံခြင်း၊ နာကျင်ခြင်း၊ အနာဖြစ်ခြင်းစသည့် လက္ခဏာများကို ခံစားရလေ့ရှိကြောင်း၊ ဆေးမင်ထိုးသူ ၅၀၀ ဦးအနက် ဆေးမင်ထိုးခြင်းကြောင့် မလိုလားအပ်သော ရောဂါကူးစက်ခံရမှုသည် ၅ ရာခိုင်နှုန်း ခန့်ပါဝင်သည်ဟု အမေရိကန်နိုင်ငံ နယူးယောက်တက္ကသိုလ်မှ သုတေသနပါမောက္ခ Marie Leger ဦးဆောင်၍ သုတေသန ပြုထားသည့် ကျန်းမာရေးသုတေသနစစ် တမ်းများအရ သိရသည်။

''လက်ရှိအခြေအနေမှာက တက်တူးထိုးတဲ့ဆိုင်လေးတွေလည်း မြို့ပေါ်မှာ နေရာအနှံ့မှာ ခပ်စိပ်စိပ်တွေ့လာရတယ်။ ဆိုင်လေးတွေကို သပ်သပ်ရပ်ရပ်ပြုလုပ်ထားပြီး လူငယ်တွေဆေးမင်ထိုးလာတာ လည်းပိုများလာတယ်။ အဲဒီလို လူငယ်တွေထဲမှာ အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသားအရွယ်တွေ ပါဝင်နေမှု များပြားလာတာကလည်း နိုင်ငံရဲ့အနာဂတ်အတွက် စိန်ခေါ်မှုတမျိုး ဖြစ်လာနိုင်ပါတယ်။ တက်တူးထိုးတဲ့အခါ အပ်တွေကို တခါသုံး အပ်နဲ့သုံးကြတယ်ဆိုပေမယ့် ထိုးတဲ့စက်တွေက တခါသုံးစက်တွေမဟုတ်တော့ ပထမလူထိုးပေးထားတဲ့ ဆေးမင်ထည့်တဲ့ ခွက်ထဲကို ဆေးအသစ်ထည့် ပထမလူထိုးတဲ့ စက်နဲ့ပဲ အပ်အသစ်လဲထိုးတာဆိုတော့ ဆေးမင်ထိုးတဲ့အခါ သွေးထွက်မှုရှိတယ်။ အဲဒီသွေးက ဆေးခွက်မှာ ကျန်ခဲ့မယ်။ အဲဒီလိုပဲ အပ်ပဲလဲတာလေ စက်မလဲတော့ မဖြစ်မနေ သွေးစသွေးနတွေ ကပ်ကျန်ခဲ့ မှာဆိုတော့ ရောဂါကူးစက်ခံရမှုအတွက် ရာနှုန်းပြည့်အာမခံမှုမရှိတဲ့အတွက် တက်တူးထိုးကြမယ်ဆိုရင် အထူးသတိထားဖို့ လိုပါတယ်''ဟု မန္တလေးမြို့မှ အထက်တန်းပြကျောင်းဆရာ ဦးဇော်မောင်က ပြောသည်။

လက်ရှိကျင်ပလျက်ရှိသော မြန်မာနိုင်ငံ၏ အစည်ကားဆုံးပွဲတော်တခုဖြစ်သည့် တောင်ပြုန်းပွဲတော်တွင် လူငယ်အများအပြား တက်တူးထိုးလေ့ရှိကြောင်း၊ မန္တလေးမြို့၏ ဘုရားပွဲတော်များတွင်လည်း တက်တူးထိုးပေးသည့် ဆိုင်လေးများကို တွေ့မြင်ရလေ့ရှိရာ ၎င်းကဲ့သို့ တက်တူးထိုးပေးသူများကိုလည်း အမျိုးသားရေးကျန်းမာရေးရှုထောင့်မှကြည့်၍ တတ်နိုင်သမျှထိန်းချုပ်ပေးရန်လိုအပ်သည်ဟု မန္တလေးမြို့စာရေးဆရာမ ယဉ်ယဉ်နု(မန္တလေး)က သုံးသပ်ပြောပြသည်။

စိုင်းထူးခန့်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
တက်တူးထိုးသူများ သတိထား၊ ဆေးမင်ရည်ပါဓာတုပစ္စည်းကြောင့် အရေပြားရောဂါဖြစ်ပွားမှုများပြားလာ  တက်တူးထိုးသူများ သတိထား၊ ဆေးမင်ရည်ပါဓာတုပစ္စည်းကြောင့် အရေပြားရောဂါဖြစ်ပွားမှုများပြားလာ Reviewed by THITHTOOLWIN on 16:49 Rating: 5
Powered by Blogger.