ကြွက်ဆေးသုတ်ထားသော ကိတ်မုန့်စားမိရာမှ ပထမတန်းကျောင်းသားသေဆုံး


ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာအုပ်စု မကျင်မြိုင် ကျွန်းကျေးရွာ၌ ပထမတန်း ကျောင်းသားသည် သူငယ်ချင်းကျွေးသည့် ကိတ်မုန့်တစ်ချပ်စားသုံးမိရာမှ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၂၆ရက် ညနေ ၅နာရီခန့်တွင် ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာအုပ်စု မကျင်မြိုင် ကျွန်းကျေးရွာနေ ခိုင်လင်း ၂၄နှစ် (ဘ) ဦးကျော်သန်း လယ်သမားသည် ပျိုးခင်းထဲကြွက်များ သောင်းကျန်း နေမှုကြောင့် ကြွက်ဆေးနှင့် ကိတ်မုန့်ငါးချပ်သုတ်လိမ်း၍ ပလတ်စတစ် အိတ်ထဲထည့်သွင်းပြီး လယ်ထဲသို့ ထွက်လာခဲ့စဉ် မကျင်မြိုင်ကျွန်းကျေးရွာ အမက ကျောင်းရှေ့ပိုက်ကျော်ခြင်းခတ်ကစားပွဲတွေ့၍ ဝင်ရောက်ကစား ရန် ၄င်းယူဆောင်ခဲ့သော ကြွက်ဆေးသုတ် ကိတ်မုန့်ငါးချပ်အထုပ်ကို ကလေးများ စားသုံးမိမည် စိုး၍ အနီးဝန်းကျင်ကလေးများအား အသိပေးပြီး ခြင်းခတ်ကစားကွင်းနှင့် ၁၈ ပေခန့် အကွာ သခွားပင်အနီး၌ ကနစိုသစ် တုံးစဖြင့် ဖိထားခဲ့ပြီး ခြင်းကစားနေခဲ့သည်ဟုဆိုသည်။

 တစ်နာရီခန့်အကြာ ခြင်းပွဲအပြီးတွင် ခိုင်လင်းသည် ၄င်းထားခဲ့သော မုန့်ငါးချပ်အနက် တစ် ချပ်ပျောက်ဆုံးသဖြင့် မေးမြန်းစုံစမ်းရာ ကျောင်းသားတစ်ဦးဖြစ်သူ မောင်ကိုထက် ၁၄နှစ် (ဘ) ဦးထိန်ငွေ မကျင်မြိုင်ကျွန်းကျေးရွာနေသူက ၄င်းစားပစ်သည်ဟုပြောပြီး နေအိမ်သို့ ပြန်သွားသည်။

ထိုနေ့ညနေ ၆ နာရီတွင် တစ်ရွာတည်းနေ မောင်ရဲနောင်စိုး ၁ဝ နှစ် (ဘ) ဦးသက်လွင်ဦး မကျင်မြိုင်ကျွန်း ကျေးရွာ အမကပထမတန်း သည် နေအိမ်သို့ပြန်လာပြီး ရေသောက်၍ ပျို့အန်နေသည်ကို ဖခင်ဖြစ်သူက မြင်တွေ့ရသဖြင့် မေးမြန်းကြည့်ရာ ကိုထက်ဆိုသူကျွေးသော ကိတ်မုန့် ကိုစားမိကြောင်းပြောသည်။

 အဆိုပါ ကိတ်မုန့်သည် ခိုင်လင်းဆိုသူက ကြွက်ဆေးလူးထားသောကိတ်မုန့်ငါးချပ်မှ ကိုထက်စားပစ်သည်ဆိုသော ကိတ်မုန့်ဖြစ်ကြောင်း သိရှိကြရသဖြင့် ည ၈ နာရီတွင် ဘိုကလေးမြို့ဆေးရုံသို့ တင်ပို့ကုသရန် ခေါ်ဆောင်ခဲ့စဉ် မောင်ရဲနောင်စိုးမှာ သေဆုံးသွား ကြောင်း သိရသည်။

 ထို့ကြောင့် ယခုလ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် ဘိုကလေးမြို့မရဲစခန်းမှ (ပ)၂၂/၂ဝ၁၆ ပြစ်မှုပုဒ်မ ၃ဝ၂-ကဖြင့် ကြွက် ဆေးသုတ်ထားသောကိတ်မုန့်ကျွေးသူ မောင်ကိုထက် ၁၄ နှစ်(ဘ) ဦးစိန်ငွေအား အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

ပုသိမ်လှကြည်
The Union Daily
https://www.facebook.com/uniondaily.net

ကြွက်ဆေးသုတ်ထားသော ကိတ်မုန့်စားမိရာမှ ပထမတန်းကျောင်းသားသေဆုံး  ကြွက်ဆေးသုတ်ထားသော ကိတ်မုန့်စားမိရာမှ ပထမတန်းကျောင်းသားသေဆုံး Reviewed by THITHTOOLWIN on 18:13 Rating: 5
Powered by Blogger.