ရန်ကုန်မြို့တွင်း ၆ မြို့နယ်ရှိ နောက်ဖေးလမ်းကြား အမှိုက်များနှင့် ကျူးကျော်အဖီ၊ တဲများကိုပါ စည်ပင်မှ တာဝန်ယူရှင်းလင်းဖယ်ရှားမည်


“လမ်းကြားထဲက ကျူးကျော်ထားတာတွေကို ဖျက်စရာရှိတာ ဖျက်မယ်။ သိမ်းစရာရှိတာ သိမ်းမယ်ပေါ့။ ဒီလိုဖျက်တဲ့နေရာမှာလည်း အရေးယူတဲ့ပုံစံမဟုတ်ဘဲ …”

ရန်ကုန်မြို့တွင်း ၆ မြို့နယ်ဖြစ်သည့် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ် တထောင်မြို့နယ်များရှိ နောက်ဖေးလမ်းကြားများ အမှိုက်များကို တာဝန်ယူရှင်းလင်းပေးတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုဌာနမှူး (ယာယီ) ဦးဇော်ဝင်းနိုင်က News Watch သို့ သြဂုတ် ၁၀ ရက်တွင် ပြောသည်။

ယင်းသို့ နောက်ဖေးလမ်းကြား အမှိုက်များရှင်းလင်းရာတွင် မြို့တွင်း ၆ မြို့နယ်အနက် အနောက်ပိုင်း ခရိုင်အတွင်းရှိ လမ်းမတော်မြို့နယ်နှင့် တောင်ပိုင်းခရိုင်အတွင်းရှိ ပုဇွန်တောင်မြို့နယ်စသည့် မြို့နယ်နှစ်ခုတွင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

''တနင်္လာနေ့ (သြဂုတ် ၁၅ ရက်) စမယ်။ မြို့နယ် ၆ မြို့နယ်စလုံး တပြိုင်နက်တည်း မလုပ်နိုင်တော့ ပုဇွန်တောင်နဲ့ လမ်းမတော်ကို စလုပ်မှာပါ။ အဲဒီ မြို့နယ်တွေပြီးမှ ကျန်တဲ့မြို့နယ်တွေကို တဖြည်းဖြည်းချင်း ဆက်သွားမယ်''ဟု ဦးဇော်ဝင်းနိုင်က ပြောသည်။

အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ထားသော နောက်ဖေးလမ်းကြား အမှိုက်များကို စည်ပင်၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ၀န်ထမ်း၊ အမှိုက်သိမ်းယာဉ်၊ စက်သုံးဆီများကို စိုက်ထုတ်သုံးစွဲကာ တာဝန်ယူရှင်းလင်းဆောင်ရွက်မည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာတိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ လမ်းအလိုက်၊ ရပ်ကွက်အလိုက် ရပ်မိရပ်ဖများတို့နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နောက်ဖေးလမ်းကြားများတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများနှင့်အတူ ကျူးကျော်၊ အဖီ၊ တဲများ ဆောက်လုပ်ထားမှုများရှိနေသည့်အတွက် သန့်ရှင်းရေးဆောင်ရွက်ရာတွင် ယင်းကျူးကျော် အဆောက်အဦများ ကိုလည်း ရှင်းလင်းသွားမည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးတင့်လွင်က ပြောသည်။

''သက်ဆိုင်ရာ အဆောက်အအုံဌာနတို့က ပူးပေါင်းဆောင်ရွက်ပြီးတော့ လမ်းကြားထဲက ကျူးကျော်ထားတာတွေကို ဖျက်စရာရှိတာ ဖျက်မယ်။ သိမ်းစရာရှိတာ သိမ်းမယ်ပေါ့။ ဒီလိုဖျက်တဲ့နေရာမှာလည်း အရေးယူတဲ့ပုံစံမဟုတ်ဘဲ၊ စည်းရုံးပြောဆိုတဲ့အနေနဲ့ ဖျက်သိမ်းခိုင်းမှာပါ။ စည်ပင်ကလည်း သူတို့တာဝန်ယူပြီး ဆောင်ရွက်ပေးမယ်။ ဒါပေမဲ့ စည်ပင်တခုတည်းသွားလို့ရှိရင် အခက်အခဲရှိတော့ အုပ်ချုပ်ရေးတို့၊ ရပ်မိရပ်ဖတွေကိုလည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံထားတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ၀ိုင်းဝန်းပေးမယ်''ဟု ၎င်းက ပြောသည်။

အဆိုပါဌာနတွင် ပုတ်ပြတ်ဝန်ထမ်း ၃၉၀၄ ဦး ပုံသေသန့်ရှင်းရေးဝန်ထမ်းနှင့် နေ့စားဝန်ထမ်း ၁၀၀၀ ကျော်ရှိကာ ယင်းအင်အားဖြင့် မြို့တော်သန့်ရှင်းရေးသာယာရေးအတွက် နေ့ညထွက်ရှိသည့် အမှိုက်များကို သိမ်းဆည်း ရှင်းလင်းနေကြောင်းနှင့် ရန်ကုန်မြို့တွင်း ၆ မြို့နယ်ရှိ နောက်ဖေးလမ်းကြား အမှိုက်များရှင်းလင်း ဆောင်ရွက်ရာတွင် ခရိုင်စည်ပင်သာယာမှ ၀န်ထမ်းအင်အား ဖြည့်တင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ရန်ကုန်မြို့တွင်း ၆ မြို့နယ်ရှိ နောက်ဖေးလမ်းကြား အမှိုက်များနှင့် ကျူးကျော်အဖီ၊ တဲများကိုပါ စည်ပင်မှ တာဝန်ယူရှင်းလင်းဖယ်ရှားမည်   ရန်ကုန်မြို့တွင်း ၆ မြို့နယ်ရှိ နောက်ဖေးလမ်းကြား အမှိုက်များနှင့် ကျူးကျော်အဖီ၊ တဲများကိုပါ စည်ပင်မှ တာဝန်ယူရှင်းလင်းဖယ်ရှားမည် Reviewed by THITHTOOLWIN on 18:43 Rating: 5
Powered by Blogger.