ထုံးမကြီးကျေးရွာ မြစ်ရေကြီးမှုကြောင့် ထပ်မံ ရွာရွှေ့ပြောင်းရန် လိုအပ်


မင်းဘူး သြဂုတ် ၅

မင်းဘူး(စကု)မြို့နယ်၊ မန်းကျိုးကျေးရွာအုပ်စု၊ထုံးမကြီးကျေးရွာသည် ၂၀၁၅-ခုနှစ်၊ ဇူလိုင်လ မြစ်ရေကြီးမှုများ ကြောင့် ကျေးရွာ၏ အရှေ့ဘက် ရှိ မြစ်ကမ်းပါးများပြိုကျခဲ့သဖြင့် ယခင်ကျေးရွာ၏ အနောက်ဘက် (၁)မိုင်ခန့် အကွာရှိ မန်းကျိုးကျေးရွာ၏မြောက်ဘက်သို့ ရွာသစ် တည်ပြောင်းရွှေ့နေ ထိုင်လျက်ရှိရာ ယခုနှစ်၊ဇူလိုင်လ(၂၉)ရက်နေ့မှ စ၍ ဧရာဝတီမြစ်ရေမြင့် တက်လာမှုကြောင့် ရွာသစ်နေရာမှ ရေဘေး ကင်းလွတ်ရာ အောက်ကျောင်း ဘုရားကြီး ၀န်းအတွင်း ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသည်။


ထုံးမကြီးကျေးရွာ ရွာသစ်တည်သည့်နေရာသည် ယခင်ရွာဟောင်းထက် (၅)ပေခန့် နှိမ့်ကျနေသဖြင့် ခြေတံရှည်အိမ်မြင့်များ တည်ဆောက်နေထိုင် လျက်ရှိသော်လည်း ဧရာဝတီမြစ်ရေများ ၀င်ရောက်လာသည့်အခါ ရေအနက် (၁၂)ပေခန့်ထိ မြင့်တက်လျက်ရှိသည်။


ကျွန်မတို့ကတော့ ကုန်းပိုင်းကျနေရာကိုပဲ ရွာရွှေ့ပြောင်းနေထိုင် လိုပါတယ်၊ ယခုနေရာက တတ်နိုင်သရွှေ့ တစ်ထပ်အိမ်ဆောက်နေဖို့ မလွယ်ဘူး၊နှစ်ထပ် အိမ်ဆောက်နေထိုင်သူတွေကျလည်း အိမ်အပေါ်ထပ်ထိ မြစ်ရေ တက်တာ၊ အခုနေရာကို နေထိုင်ချင်သူတွေက ဧရာဝတီမြစ်လယ် မြေနုကျွန်းကို တာချတာကို မက်ပြီး နေထိုင်ကြတယ်၊ အချို့ကလည်း ရေလုပ်ငန်းကို လုပ်ကိုင်ကြတယ်၊ကျွန်မတို့ကတော့ ဈေးရောင်းဈေးဝယ် လုပ်ကိုင် ကြသူတွေမို့ ကုန်းမြင့်ပိုင်းကျတဲ့ နေရာကိုပဲ ပြောင်းရွှေ့နေထိုင်လိုပါတယ်၊ကလေးတွေရဲ့ ပညာရေးလည်း အဆင်ပြေတယ်၊အခု ကျောင်းတွေပိတ်ထားတာ (၁)လခန့်ကြာနေပီ ဟု ထုံးမကြီးကျေးရွာနေ မ၀ါမှ ပြောသည်။


ကျွန်တော်တို့ ရွာသစ်တည်မည့် ယခုနေရာကို မြို့နယ် အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ က သင့်တော်မည်ထင်လို့ သတ်မှတ် နေရာချ ထား ပေးခဲ့တာပါ၊ ယခုလို နှစ် စဉ်မြစ်ရေ တက်တာ ခံနေရရင် စီးပွားရေး၊ ပညာရေး၊ကျန်းမာရေး စသည့်ကိစ္စများပါမကျန် အခက်အခဲ အမြဲတွေ့ကြုံရဖို့ပဲရှိတယ်၊ ကုန်းမြင့်ပိုင်း တစ်နေရာမှာ အတည်တကျ နေထိုင်ဖို့ စီစဉ်ရတော့မှာပေါ့´´ဟု ထုံးမကြီးကျေးရွာ ဒေသခံပြည်သူ ဦးမောင်ခိုင်မှ ပြောသည်။


ထုံးမကြီးကျေးရွာသည် ယခင်ရွာဟောင်းမှ ယခုနေထိုင်လျက်ရှိသည့် ရွာသစ် တည်ရာ နေရာအား မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာန ဆိုင်ရာများ၏ကူညီ ထောက်ပံ့မှုများဖြင့် ကိုင်းမြေများကို ၀ယ်ယူ၍ ရွာသစ်တည်ပေးခဲ့သော်လည်း ဧရာဝတီမြစ်ရေမြင့် တက်မှုများ နှစ်စဉ်ကြုံတွေ့နို င် သဖြင့် ထပ်မံရွာသစ်ရွှေ့ပြောင်း နေထိုင်ရန် လိုအပ်နေ လျက်ရှိကြောင်း သိရှိရသည်။

တင်ထွန်းဦး(မင်းဘူး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ထုံးမကြီးကျေးရွာ မြစ်ရေကြီးမှုကြောင့် ထပ်မံ ရွာရွှေ့ပြောင်းရန် လိုအပ်  ထုံးမကြီးကျေးရွာ မြစ်ရေကြီးမှုကြောင့် ထပ်မံ ရွာရွှေ့ပြောင်းရန် လိုအပ် Reviewed by THITHTOOLWIN on 16:13 Rating: 5
Powered by Blogger.