အမေရိကန် ပိတ်ဆို့မှု ရုပ်သိမ်းရေး ကြိုးပမ်းဖို့ အဆိုပြုချက်ရှုံးနိမ့်


အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ပေးဖို့ အစိုးရထံ တိုက်တွန်းကြောင်းအဆို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။

အဆိုတင်သွင်းတဲ့ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ သက်တမ်းမတိုးသင့်တော့ကြောင်း ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။


အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရးဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးလိုက်မယ်ဆိုရင် နိုင်ငံတော်အတွက် စီးပွားရေးအခွင့်အလမ်းတွေ ပွင့်လာပြီး နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်း အဆိုကို ထောက်ခံတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က တင်ပြခဲ့ပါတယ်။

လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းအရ အဆိုကို လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ သင့်၊ မသင့် လွှတ်တော်ဥက္ကဌ က မေးမြန်းရာ ကန့်ကွက်သူရှိတဲ့အတွက် မဲခွဲဆုံးဖြတ်ခဲ့စဉ်မှာ ကန့်ကွက်မဲ ၂၀၀ ကျော် ထောက်ခံမဲ ၁၅၀ ကျော်သာ ရရှိတဲ့အတွက် အဆိုရှုံးနိမ့်သွားတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ၁၉၉၇ ခုနှစ်ကစပြီး စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ် ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ ပြန်လည်ဖြေလျှော့ပေးတာတွေ ရှိခဲ့ပြီး လက်ရှိမှာ အရင် စစ်အစိုးရနဲ့ ပတ်သက်ဆက်နွယ်သူတွေကိုသာ ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ တချို့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့မှုသက်တမ်း ၁ နှစ် တိုးတာတွေ လုပ်ဆောင်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အမေရိကန် ပိတ်ဆို့မှု ရုပ်သိမ်းရေး ကြိုးပမ်းဖို့ အဆိုပြုချက်ရှုံးနိမ့်  အမေရိကန် ပိတ်ဆို့မှု ရုပ်သိမ်းရေး ကြိုးပမ်းဖို့ အဆိုပြုချက်ရှုံးနိမ့် Reviewed by THITHTOOLWIN on 16:13 Rating: 5
Powered by Blogger.