ကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ် လုပ်ငန်းလိုင်စင် ပယ်ဖျက်ထားသော်လည်း လာရောက်တည်းခိုသူများဖြင့် စည်ကားလျက်ရှိ


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် တောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ်သည် ဟိုတယ် လုပ်ငန်းလိုင်စင်ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ခဲ့သည့်အတွက် မွန်ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ သြဂုတ်လ ၁၁ ရက်တွင် လုပ်ငန်းလိုင်စင် ပယ်ဖျက်လိုက်ကြောင်း အကြောင်းကြားစာ ပေးပို့ထားသော်လည်း လက်ရှိအချိန်ထိ ဖွင့်လှစ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

''ကျွန်တော်တို့က (၂၀)ရက်နေ့ကတည်းက ဒီဟိုတယ်မှာ လာတည်းတာပါ။ မနှစ်က ဒီဇင်ဘာတုန်းကလည်း ရိုးရိုးလေးဟိုတယ်မှာပဲတည်းဖြစ်တာပါ။ ဒီနှစ်မိုးက မိုးတွင်းအလုပ်လည်းပါးတော့ ဘုရားလာဖူးဖြစ်တယ်။ ဟိုတယ်ပိတ်ထားတာလည်း မသိဘူးလေ၊ တည်းလို့ရတယ်ဆိုလို့ တည်းလိုက်တာပါ။ မိုးတွင်းဘုရားဖူးပါးတော့ အခန်းခက (၃၀-၀၀၀) ပေးရတယ်။ မနှစ်တုန်းကတော့ ဒီဇင်ဘာလဧည့်သည်များတော့ နှစ်ယောက်ခန်းကို (၅၀၀၀၀)ပေးရတယ်''ဟု ဘုရားဖူးဧည့်သည်တဦးက ပြောသည်။

ရိုးရိုးလေးဟိုတယ်သည် ဟိုတယ်၏ မူလအဆောင်ကို ပြင်ဆင်ခြင်း၊ အဆောင် (၂) ဆောင်ထပ်မံတိုးချဲ့ ဆောက်လုပ်ပြီး အိပ်ခန်း ၂၄၁ ခန်းထိ တိုးချဲ့ထားသဖြင့် ခွင့်ပြုထားသော အိပ်ခန်းများထက် ၁၀၆ ခန်း ပိုမိုဖွင့်လှစ်ထားခြင်း၊ ဟိုယ်တယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ တင်ပြခွင့်ပြုချက်ရယူခဲ့ခြင်းမရှိဘဲ အဆောင်အမှတ်(၅)တွင် အမြင့် ၄၀ ပေနှင့် အဆောင်အမှတ်(၆)တွင် အမြင့်ပေ ၅၀ ရှိသည့် အန္တရာယ်ရှိနိုင် သော အထပ်မြင့်အဆောက်အဦများ ဆောက်လုပ်ထားခြင်းကြောင့် လိုင်စင်နှင့်ပတ်သက်သည့်စည်းကမ်းအား ဖောက်ဖျက်ကျူးလွန်သည့်အတွက် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ဇွန်လ ၂၇ ရက်နေ့ကပြုလုပ်ခဲ့သည့် ကျိုက်ထီးရိုးစေတီတော်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းဝေး၌ လုပ်ငန်းလိုင်စင် ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်အရ ဟိုတယ်အခန်းများအား တလအတွင်းပိတ်သိမ်းရန် ဟိုတယ်နှင့်ခရီးသွားလာရေးဌာန(မော်လမြိုင်ရုံးခွဲ)မှ ဇူလိုင် ၈ ရက်နေ့တွင် အသိပေးအကြောင်းကြားခဲ့သော် လည်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့က လိုင်စင်ကိုပယ်ဖျက်လိုက်တယ်။ လိုင်စင်မရှိရင်တော့ လုပ်ခွင့်မရှိတော့ဘူးလေ။ ဥပဒေအရ ဆိုရင်တော့ သူ့အနေနဲ့အယူခံ ၀င်ပိုင်ခွင့်ရှိတယ်။ ဟိုတယ်နှင့် ခရီးသွားလာရေးဌာနအနေနဲ့ကတော့ သူ့ရဲ့ လုပ်ပိုင်ခွင့်လိုင်စင်ကို ပိတ်သိမ်းတဲ့နေ့ကစပြီး သူ့အနေနဲ့ ဆက်လက်လုပ်ပိုင်ခွင့် မရှိတော့တာပါ''ဟု မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဌာန ဒုတိယညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတဦးက News Watch သို့ ပြောသည်။ လုပ်ပိုင်ခွင့်မရှိတော့ဘူးဆိုတာက ကျွန်တော်တို့ လိုင်စင်နဲ့ဆက်လုပ်ခွင့်မရှိတော့တာကို ပြောတာပါ။ တော်ကြာပြောတဲ့အပေါ် နားလည်မှုလွဲနေမှာစိုးလို့ပါ။ ဒါပေမဲ့ သူ့ဟာသူ တခြားလိုင်စင်ဘာညာယူရင် တော့လည်း မပြောတတ်ဘူး။ အဲဒါက သူတို့သဘောပါ။ လိုင်စင်သိမ်းတယ်ဆိုတဲ့နေရာမှာလည်း ကျွန်တော်တို့နဲ့ ပတ်သက်တဲ့ ဟိုတယ် ၁၃၅ ခန်းကိုပဲ ပြောတာပါ'' ဟု ၎င်းကဆက်လက်ပြောသည်။

''ကျွန်တော်က ဟိုတယ်နဲ့ပတ်သက်ပြီး ဘာတခုမှမသိပါဘူး၊ အဲဒါက ဟိုတယ်ခရီးကို မေးမှရမှာပါ။ ကျွန်တော်တို့စည်ပင်သာယာလုပ်ငန်းလည်း အဲဒီအပေါ်မှာ ဘာတခုမှမရှိပါဘူး။ ဟိုတယ်ကို ကျွန်တော်တို့ လိုင်စင်ထုတ်ပေးလို့မရပါဘူး။ အဆောက်အဦဖျက်သိမ်းမယ့်ကိစ္စလည်း မသိပါဘူး။ ပြည်ထောင်စုဝန်ကြီး အဆင့်က လုပ်တာပါ။ ကျွန်တော်တို့အနေနဲ့ ဘာမှမသိရသေးပါဘူး''ဟု မွန်ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ရုံးမှ ညွှန်ကြားရေးမှူးဦးမြင့်အောင်က ပြောသည်။

မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေပုဒ်မ(၁၉)တွင် (က) လိုင်စင်စည်းကမ်းချက်တရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊ (ခ) ဦးစီးဌာန၏ ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းကိုလွှဲပြောင်းလုပ်ကိုင်စေခြင်း၊ (ဂ) လိုင်စင်ကို လွှဲပြောင်းရောင်းချခြင်းစသည့် တရပ်ရပ်ကိုဖောက်ဖျက်ကျူးလွန်လျှင် ဦးစီးဌာနအနေဖြင့် လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း (သို့မဟုတ်) လိုင်စင်အား ပယ်ဖျက်ပြုနိုင်သည်ဟု ဖော်ပြပါရှိသည်။

ရိုးရိုးလေးဟိုတယ်ပိုင်ရှင် ဦးနေထက်သိန်းနိုင်က ''ကျွန်တော် မီဒီယာများရဲ့အဖြေကို ပြန်မဖြေတာ တောင်းပန် ပါတယ်။ ကျွန်တော့်အပေါ်မှာ ပြည်သူတယောက်လို စာနာနားလည်ပေးတဲ့ ကျိုက်ထိုသား အမတ်တွေနဲ့လူကြီး တွေပါ ကျွန်တော်ကျေးဇူးတင်ပါတယ်။ ကျွန်တော်ပြုသမျှ ကုသိုလ်ကောင်းမှုတွေအားလုံး မိတ်ဆွေတို့ကို အမျှပေးဝေပါတယ်။ သူငယ်ချင်းတို့ အမျှရပါစေ၊ ပျော်ရွှင်ကြပါစေ''ဟု ၎င်း၏လူမှုကွန်ရက် Facebook စာမျက်နှာတွင် ဖော်ပြထားကြောင်း သိရှိရသည်။

ကျိုက်ထီးရိုးသို့ ဘုရားဖူးလာသူပေါင်း ၂၀၁၀ မှ ၂၀၁၃ ခုနှစ်အထိ နှစ်စဉ် လူဦးရေ ၁ သန်းကျော်လာရောက် ခဲ့ပြီး ၂၀၁၃ မှ ၂၀၁၅ ခုနှစ် အထိ နှစ်စဉ်လူဦးရေ နှစ်သန်းကျော်လာရောက်ခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။

ခေါက်ချိုး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ် လုပ်ငန်းလိုင်စင် ပယ်ဖျက်ထားသော်လည်း လာရောက်တည်းခိုသူများဖြင့် စည်ကားလျက်ရှိ  ကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ် လုပ်ငန်းလိုင်စင် ပယ်ဖျက်ထားသော်လည်း လာရောက်တည်းခိုသူများဖြင့် စည်ကားလျက်ရှိ Reviewed by THITHTOOLWIN on 13:36 Rating: 5
Powered by Blogger.