မြိုင်သာယာတွင် နေအိမ်ပေါ်တက်၍ လူရိုက်သတ်မှုအား သက်သေခုနှစ်ဦးကို ရဲတပ်ဖွဲ့စစ်ဆေးနေ


မော်လမြိုင်၊ သြဂုတ် ၃

မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ (၁၃) လမ်းတွင် ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၂ နာရီက ဦးမျိုးလွင်၏ နေအိမ်ပေါ်သို့ အမျိုးသားတစ်ဦး တက်လာကာ လူရိုက်သတ်မှုနှင့် ပတ်သက်မှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ သက်သေများ အပါအဝင် လူခုနှစ်ဦးခန့်ကို မြိုင်သာယာနယ်မြေရဲစခန်း၌ ခေါ်ယူစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း မြိုင်သာယာနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်မင်းဦးက ဟင်္သာမီဒီယာသို့ ပြောသည်။

ထိုနေအိမ်မှ အသက် ၁၇ အရွယ် မဆုစန္ဒီသည် သူမ၏ ဖခင် ဦးမျိုးလွင်နှင့် အဖွားဖြစ်သူ ဒေါ်ခင်ရွှေနှင့်အတူ နေအိမ်တွင် အိပ်ပျော်နေစဉ် အော်သံ ကြားသဖြင့် လန့်နိုးသွား၍ ထကြည့်ခဲ့ရာ အသက် ၃၀ နှစ်ခန့် အရွယ်ရှိ အမျိုးသားတစ်ဦးက အွဖွားဖြစ်သူ ဒေါ်ခင်ရွှေကို တုတ်ဖြင့်ရိုက်နေခြင်းကြောင့် “ကယ်ကြပါအုံး”ဟု အော်ဟစ်အကူအညီတောင်းစဉ် မဆုစန္ဒီကိုလည်း တုတ်ဖြင့် လေးငါးချက် ဆက်တိုက်ရိုက်သဖြင့် အသံ မထွက်ရဲတော့ဘဲ မေ့ချင်ယောင် ဟန်ဆောင်နေခဲ့ကြောင်း မဆုစန္ဒီက ပြောသည်။

ထိုဖြစ်စဉ်တွင် မဆုစန္ဒီ၏ ဖခင် ဦးမျိုးလွင်နှင့် အဖွားဖြစ်သူ ဒေါ်ခင်ရွှေတို့သည် အသက်ဆုံးရုံးမှုဖြစ်ပွားခဲ့သည်။

မဆုစန္ဒီသည် မေ့ချင်ယောင် ဟန်ဆောင်လိုက်သဖြင့် မျက်နှာအဝတ်မဲစည်း၍ တုတ်ကိုင်ထားသူ အမျိုးသားမှာ ၎င်းနေအိမ်နောက်ဖေးဘက်သို့ ဝင်ရောက် သွားခဲ့စဉ် မဆုစန္ဒီသည် နေအိမ်တံခါးဖွင့်၍ အိမ်အပေါ်မှ ဆင်းပြေးကာ ခြံဝင်းတံခါးဘေး အုတ်တံတိုင်ပေါ် ကျော်တက်ပြီး လမ်းမအပြင်ဘက် ထွက်ပြေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ထိုအချိန်တွင် အနီးအနား နေအိမ်များကို အော်ခေါ်သော်လည်း မနိုးကြသဖြင့် ဦးလေးတော်စပ်သူ ဦးမျိုးနိုင် (ခ) ဦးကာဆင် နေအိမ်သို့ သွားရောက်ကာ အကြိမ်ကြိမ်အော်ခေါ်ခဲ့ရာ ဦးလေး၏ဇနီး ထလာသဖြင့် ထုဖြစ်စဉ်ကို အကျိုး အကြောင်းပြောပြ၍ ပတ်ဝန်းကျင်အိမ်များကို အကူအညီတောင်းရန် အော်ခေါ်နေစဉ် အခင်းဖြစ်ပွားသော နေအိမ်နှစ်ခြံကျော်မှ ခြံဝင်းရေမြောင်းဘေးမှ တက်လာသော ဦးလေးကာဆင်ကို တွေ့မြင်ခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

ဦးမျိုးနိုင်သည် ၎င်းနေအိမ်တွင် အိပ်နေစဉ် “လုပ်ကြပါအုံး၊ ကယ်ကြပါအုံး၊ သူခိုး၊ သူခိုး”ဟု အော်သံ မသဲမကွဲ ကြားရခြင်းကြောင့် ၎င်းနေအိမ်အပေါ်မှ ဆင်းပြေးထွက်လာပြီး အခင်းဖြစ်ပွားရာ နေအိမ်ဘေးခြံ၏ ခြံစည်းရိုးထိပ် အရောက်တွင် လူရိပ်တစ်ခုသည် ခြံအနောက်ဘက်သို့ ဖြတ်ပြေးသွားသည်ကို တွေ့လိုက်ကြောင်း ဦးမျိုးနိုင်က ဆိုသည်။

ထိုလူအရိပ် မြင့်တွေ့ခဲ့ခြင်းကြောင့် ဘေးဘက်ရှိ နေအိမ်ခြံစည်းရိုးဘေးမှ ကပ်လိုက်သွားခဲ့ရာ ထောင်ထောင် မောင်းမောင်း ကိုယ်လုံးကောင်းသော အသက် ၃၀ ကျော်အရွယ် မျက်နှာအဝတ်စည်းထားသူကို မြင်တွေ့ခဲ့ပြီး ထိုလူမှာ ထွက်ပြေးနေခြင်း မဟုတ်ဘဲ၊ တစ်လှမ်းချင်း လှမ်းလျှောက်သွားခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

မျက်နှာတွင် ဝတ်စည်းထားသောသူမှာ အခင်းဖြစ်ပွားသော နေအိမ် အနောက်ဘက် ခြံစည်းရိုးကို ကျော်တက်ပြီး အနောက်ခြံထဲသို့ ဆင်သွား သဖြင့် ဦးမျိုးနိုင်က ဘေးခြံစည်းရိုးကို ကျော်တက်၍ ထိုလူအနောက် လိုက်သွားခဲ့ရာ ၎င်းသည် အခင်းဖြစ်ပွားရာ နေအိမ်အနောက်ဘက် နှစ်ခြံကျော်ရှိ လူမနေသော ခြေတိုင်ရှည်အိမ်ဘေးမှ ရေမြောင်းထဲသို့ ပြုတ်ကျသွားခဲ့စဉ် မျက်နှာစည်းထားသောသူမှာ ထိုလူမနေသော ခြေတိုင်ရှည် အိမ်အောက်၌ မျက်ခြေပျက် ပျောက်ကွယ်သွားကြောင်း ၎င်းက ပြောဆိုသည်။

သေဆုံးသူ ဦးမျိုးလွင်၏ ဝမ်းကွဲညီတော်စပ်သူ ကိုမျိုးနိုင်ကို မြိုင်သာယာ နယ်မြေရဲစခန်းသို့ ခေါ်ယူ စစ်ဆေးမှု ပြုလုပ်ရာ ၎င်းပြောဆိုအစစ်ခံချက်များ ကွဲလွဲမှုများရှိနေသဖြင့် ဥပဒေနှင့်အညီး စစ်ဆေး ဆောင်ရွက်မှုများ
ပြုလုပ်လျက်ရှိနေကြောင်း မြိုင်သာယာရဲစခန်းမှူး ရဲအုပ်ဇော်မင်းဦးက ပြောသည်။

သတင်း-ခေတ်မင်း
ဓာတ်ပုံ-သားကြီး
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation
မြိုင်သာယာတွင် နေအိမ်ပေါ်တက်၍ လူရိုက်သတ်မှုအား သက်သေခုနှစ်ဦးကို ရဲတပ်ဖွဲ့စစ်ဆေးနေ မြိုင်သာယာတွင် နေအိမ်ပေါ်တက်၍ လူရိုက်သတ်မှုအား သက်သေခုနှစ်ဦးကို ရဲတပ်ဖွဲ့စစ်ဆေးနေ Reviewed by THITHTOOLWIN on 11:33 Rating: 5
Powered by Blogger.