ဒုက္ခသည်လူနာများကို တင်ဆောင်လာသည့် ကားတစ်စီး သစ်ပင်လှဲကျထိမှန်၍ ၄ဦး ဒဏ်ရာရ


သြဂုတ် ၅ရက်၊ ၂၀၁၆ခုနှစ်။ စောသိန်းမြင့်

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စရီးယန်းမြို့နယ်၊ နယ်စပ်တစ်နေရာ၌ မြန်မာဒုက္ခသည်လူနာ များကို တင်ဆောင်လာသည့် ကားတစ်စီးသည် ဇူလိုင်လ ၄ရက် နေ့၊ ညနေ ၃နာရီခွဲအချိန်တွင် သစ်ပင်ကြီးတစ်ပင်၏ လှဲကျထိမှန်မှုကြောင့် ကားပေါ်ပါလာ သူ ၉ဦးအနက် ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ မဲစရီးယန်းမြို့မှ မယ်လအူးနှင့် မယ်ရာမိုဒုက္ခသည်စခန်းသို့ မောင်းနှင်သွားသော လူနာ ၇ဦး၊ ဆရာဝန် အမျိုးသမီးတစ်ဦးနှင့် ယာဉ်မောင်းသူတစ်ဦး အပါအဝင် ၉ဦးပါ HILUX အမျိုးအစား လူနာ တင်ကားသည် မဲ့စရီးယန်းမြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၅၀ခန့် သေ့မုဖိုးကျေးရွာ အနီးအရောက်တွင် လျှပ်စစ်မီးကြိုးများနှင့်အတူ သစ်ပင်တစ်ပင်လှဲကျထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ကရင်ဒုက္ခသည်ကော်မတီ-KRC မြောက်ပိုင်းတာဝန်ခံ စောတူးတူးက ပြောသည်။

“သစ်ပင်က မီးကြိုးနဲ့သွားငြိပြီး ကားပေါ်တည့်တည့်ကို လဲကျသွားတော့ ကားတစ်စီးလုံး ရှော့ခ်ဖြစ် သွားတယ်။ မိုးက ဖွဲဖွဲလေးရွာတယ်။ ကားပေါ်က ၉ ယောက်ထဲမှာ ၆လအရွယ် ကလေးလေး တစ်ယောက်၊ လူနာကို ပို့ဆောင်ပေးတဲ့ ဆရာဝန်မလေးတစ်ယောက်ရယ်၊ လူနာလင်မယား ၂ယောက်ရယ်၊ လေးယောက် ဒဏ်ရာရတယ်။ သစ်ပင်လှဲတာက ဘာမှ မဖြစ်ဘူး။ ဓာတ်လိုက်လို့ ဒဏ်ရာရတာ ဖြစ်တယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ဖြစ်ပွားမှုကြောင့် လူနာပို့ဆောင်သည့် ဆရာဝန် အမျိုးသမီး၏ ပေါင်၌ ထိခိုက်ဒဏ်ရာ ၄ချက် နှင့် ၆လအရွယ်ကလေးငယ်မှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။ ကျန်ဒဏ်ရာရရှိသည့် ဇနီးမောင်နှံ ၂ဦးမှာ ကားပေါ်မှ ပြုတ်ကျ၍ ဦးခေါင်းဒဏ်ရာရရှိကြပြီး ခင်ပွန်းဖြစ်သူကို အခင်းဖြစ်ပွားရာ နေရာအနီး ဆူပွဲဆေးရုံသို့ ပို့ဆောင်ထားပြီး ဇနီးဖြစ်သူမှာ ဒဏ်ရာပိုမိုပြင်းထန်သဖြင့် ချိုင်းမိုင်မြို့သို့ ပို့ဆောင်ထားသည်ဟု KRC က ပြောသည်။

မဲ့စရီးယန်းမြို့နယ်ရှိ မယ်လအူးနှင့် မယ်ရာမို ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော ဒုက္ခသည်များသည် စခန်းအတွင်း၌ ကုသ၍ မရသော ရောဂေါများကို Malteser International အဖွဲ့၏ အကူအညီပေးမှုဖြင့် မဲ့စရီးယန်းမြို့သို့ ဆေးကုသပေးလျှက်ရှိသည်။

ထိုသို့ လူနာများကို သွားရောက်ဆေးကုသမှုများလုပ်ဆောင်ရာတွင် မိုးတွင်းကာလ၌ လမ်းခရီး ကြမ်းတမ်းသဖြင့် မတော်တဆ ကားဘီး လမ်းချော်မှုအဆင့်သာ ဖြစ်ပွားမှုများရှိခဲ့သော်လည်း ယခုလို လူနာများ ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဉ်မျိုးမှာ ပထမဦးဆုံးအကြိမ်ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒုက္ခသည်အရေး ကူညီဆောင်ရွက်သူများက ပြောသည်။

 စောသိန်းမြင့်
http://kicnews.org
ဒုက္ခသည်လူနာများကို တင်ဆောင်လာသည့် ကားတစ်စီး သစ်ပင်လှဲကျထိမှန်၍ ၄ဦး ဒဏ်ရာရ  ဒုက္ခသည်လူနာများကို တင်ဆောင်လာသည့် ကားတစ်စီး သစ်ပင်လှဲကျထိမှန်၍ ၄ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 19:31 Rating: 5
Powered by Blogger.