ပခုက္ကူမြို့နယ် ကမ္မမြို့တွင် ရေနံပိုက်လိုင်းပေါက်မှုဖြစ်ပွား


ပခုက္ကူ သြဂုတ် ၂၈

သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် ပခုက္ကူမြို့နယ်ရှိ ကမ္မမြို့ အမှတ် (၂) ရပ်ကွက်နေ ဦးမျိုးဝင်း(ဘ)ဦးထွန်းရွှေ နေထိုင်သော ခြံဝင်းအတွင်း ကျောက်ခွက်-လက်ပံတိုရေနံမြေမှ အရာတော် ရေနံမြေသို့ သွယ်တန်းပို့လွှတ်သော ရေနံပိုက်လိုင်းမှ ရေနံများပေါက်ထွက်ခဲ့သည်။ ဦးမျိုးဝင်းအိမ် တောင်ဘက် နှစ်အိမ်ကျော်ရှိ ဦးလူချင်း (ဘ) ဦးစိုး ၏ နေအိမ်ဝိုင်းအတွင်းမှလည်း အဆိုပါရေနံပိုက်လိုင်းမှ ရေနံများ ပေါက်ထွက်၍ လမ်းပေါ်သို့ထွက်လာသဖြင့် ရေနံပိုက်လိုင်းပေါက်မှုဖြစ်ပွားရာနေရာသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်၊ ကမ္မစခန်းမှူးရဲအုပ် မျိုးသန့်စိန်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ လုံခြုံရေး ဆောင်ရွက်ခဲ့ပြီး သာကြီးတောင် ရေနံမြေနှင့် ကျောက်ခွက် ရေနံမြေမှ တာဝန်ရှိသူများထံသို့ ချက်ချင်း သတင်းပေးပို့ခဲ့ကြောင်း သိရသည်။


နံနက် ၈ နာရီ ၂၅ မိနစ် အချိန်ခန့်တွင် ကျင်းတူးပြီး ထိမ်းသိမ်းခဲ့ရာ ၈ နာရီ ၃၀ အချိန်ခန့်တွင် သာကြီးတောင် ရေနံမှ အင်ဂျင်နီယာမှူး ဦးဝင်းဦးပါ ၁၃ ဦးမှ အဆိုပါရေနံပိုက်လိုင်းအား ဖာထေးဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ လူနှင့် တိရိစ္ဆာန် ထိခိုက်မှုမရှိပါကြောင်း သတင်းရရှိသည်။

ပခုက္ကူ (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ပခုက္ကူမြို့နယ် ကမ္မမြို့တွင် ရေနံပိုက်လိုင်းပေါက်မှုဖြစ်ပွား ပခုက္ကူမြို့နယ် ကမ္မမြို့တွင် ရေနံပိုက်လိုင်းပေါက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 13:53 Rating: 5
Powered by Blogger.