ကျပ်သိန်းပေါင်း ၇၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ မောင်တောနယ်စပ်တွင် ယခုရက်ပိုင်းအတွင်း ဖမ်းမိ


နိရဉ္စရာ၊သြဂုတ်လ ၂၉

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်စပ် တွင် ဩဂုတ်လ၁၉ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ကျပ်သိန်း ၇၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား (၃) သိန်းကျော်ကို ဖမ်းဆီး ရမိခဲ့သည်ဟု မောင်တောမြို့မရဲစခန်းက တာဝန်ရှိသူများက နိရဉ္စရာသို့ ပြောကြားသည်။

“ ကျွန်တော်တို့ မောင်တောဒေသမှာ မူးယစ်ဆေးဝါး ပပျောက်ရေး၊ မူးယစ်ဆေးဝါး ပြန့်ပွားမှု မရှိစေရေး အတွက် စီမံချက်တွေနဲ့ အရေးယူ ဆောင်ရွက်နေပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ မူးယစ်ဆေးဝါး အများ အပြားကို ဖမ်းဆီရမိပါတယ် ”ဟု မောင်တောမြို့မရဲစခန်း ခေတ္တစခန်းမှူး ရဲအုပ်ဆန်းညွန့်က နိရဉ္စရာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ဂိတ်တွင် ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေစဉ် ပရိုဘောက် အမျိုးအစား ကားတစ်စီးသည် စစ်ဆေးမခံဘဲ ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။

၎င်းကားအား ဒုရဲအုပ်အောင်မျိုးထက်နှင့် အဖွဲ့က လိုက်လံ ဖမ်းဆီးရာ မောင်တော မြို့နယ် နွားရုံတောင် ကျေးရွာအုပ်စု၊ ရေမျက်တောင်ရွာ အနီးတွင် လူများထွက်ပြေးသွားသဖြင့် ကားဖမ်းမိပြီး ရှာဖွေရာ ကားနောက်ခန်း ကြမ်းပြင် အံဝှက်ထဲတွင် သိုဝှက် ထားသည့် WY တံဆိပ် ပန်းရောင် စိတ်ကြွဆေး ၁၄၆၂၅၀ ပြား ဖမ်းဆီရမိခဲ့သည်။ ၎င်းဆေးပြားများ၏ ခန့်မှန်းခြေ ကာလတန်ဖိုးကျပ် ၂၉၂၅ သိန်းဖိုး ရှိကြောင်း ရဲအုပ် ဆန်းညွှန့်က ပြောဆိုသည်။


ဩဂုတ်လ ၁၉ ရက်နေ့ ည ၈ နာရီကျော် အချိန်တွင် မောင်တောမြို့၊ မြို့မတောင်ရပ်ကွက် ဗိုလ်မှူးရွာ လမ်းကြားတွင် သတင်း အရ မသင်္ကာဖွယ်ရာ တွေ့ရှိသည့် ဆိုင်ကယ် တစ်စီးကို ရပ်တန့် ရှာဖွေရာ ဆိုင်ကယ် စီးနင်းလာသူ နူရ်အာလောင် (၄၇)နှစ်(ဘ)မာရှော်အာလီထံမှ ကာလတန်ဖိုး ကျပ် ၉၇၅ သိန်း တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၄၈၇၅၀ ပြားကို ဖမ်းမိခဲ့သည်ဟု ရဲတပ်ဖွဲ့အား ဦးဆောင်ပြီး ဖမ်းဆီးခဲ့သူ မောင်တောမြို့မရဲစခန်း ခေတ္တစခန်းမှူး ရဲအုပ်ဆန်းညွန့်ဦးက ပြောသည်။

မောင်တော-တောင်ပြိုခရီးသည်တင်ကားတစ်စီးပေါ်တွင် သြဂုတ်လ ၂၂ရက်နေ့ ညနေ့ ၄ နာရီကျော်က ရှာဖွေစစ်ဆေးရာ ဂျင်ကီး (၂၀)နှစ် သယ်ဆောင်လာသည့် ထန်းလျှက်တောင်းထဲ WY တံဆိပ်၊ ပန်းရောင်စိတ်ကြွဆေးပြား ၉၇၅၀ ၊ ကာလတန်ဖိုး ကျပ် ၁၉၅၀၀၀၀၀ နှင့် ခရီးသည် ဒီလ်မူဟာမောက် (၁၄ နှစ်) တောင်ပြိုလက်ဝဲမြို့နေသူထံမှ WY ပန်းရောင်စိတ်ကြွဆေးပြား ၃၉၀၀၀ ကာလတန်ဖိုးကျပ် ၇၈၀ သိန်း ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် တရားခံ ဂျင်းကီး ထွက်ဆိုချက်အရ ကွင်းဆက် တရားခံ မာရု (၂၁ နှစ်) မောင်တောမြို့နှင့် နူရ်ဘော်ရှော့ (၄၅ နှစ်) လသာ အထက်ရွာတို့ထံမှ ကာလတန်ဖိုးကျပ် ၂၁၄၅ သိန်း ရှိသော WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၁၀၇၂၅၀ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းအမှုအား မူးယစ်စိတ်ပြောင်း ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့်ထားကာ တရားခံများ ဆက်လက် ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

မောင်တောမြို့နယ်စပ်ဒေသတွင်ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ WY စာတန်းပါ မူးယစ်စိတ်ကြွဆေးပြား အရေအတွက် သုံးသိန်းငါးသောင်းကျော်၊ ကာလတန်ဖိုး ကျပ်သိန်း ခုနှစ်ထောင်ကျော် ဖမ်းဆီး ရမိ ခဲ့သော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားနေသည့် အဓိက လုပ်ကိုင်နေသူများကိုမူ ဖမ်းဆီးရမိခြင်းမရှိသေးသည့် အပေါ် ပြည်သူများက ဝေဖန် ပြောဆိုလျက် ရှိကြောင်း သိရသည်။

ကောင်းမြတ်နိုင်(မောင်တော)
Narinjara
https://www.facebook.com/Narinjara
ကျပ်သိန်းပေါင်း ၇၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ မောင်တောနယ်စပ်တွင် ယခုရက်ပိုင်းအတွင်း ဖမ်းမိ  ကျပ်သိန်းပေါင်း ၇၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ မောင်တောနယ်စပ်တွင် ယခုရက်ပိုင်းအတွင်း ဖမ်းမိ Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.