ရိုးသားကြိုးစား ရေရောင်း၍ရသည့် လုပ်အားခငွေကျပ် ၁ဝ သိန်းဖြင့်ဒါနပြုသည့် အဘိုးအို


ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေး မြို့နေ အသက် ၆၂ နှစ်ရှိ ရေသည် အဘိုးအိုတစ်ဦးသည် ဇူလိုင် ၂၃ ရက်ညက မီးလောင်ခဲ့သည့် လင်းခေး မြို့ မဟာဝိဟာရ ကျောင်းကြီးကျောင်း သုံးထပ်ကျောင်းဆောင်သစ် ပြန်လည် တည်ဆောက်ရေးအတွက် ၄င်းရေ ရောင်းရသည့် လုပ်အားခ ငွေကျပ် ၁ဝ သိန်းအား အဆိုပါကျောင်းသို့ သွား ရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 ထို့ကြောင့် သြဂုတ် ၉ ရက် ညနေ လေးနာရီတွင် စာရေးသူမှ အဘိုး ရေသယ် ရေရောင်း ပြုလုပ်နေသည့် နေရာသို့ သွားရောက်တွေ့ဆုံလေ့လာ မေးမြန်းခဲ့ပါသည်။
''အဘိုးရဲ့အမည်က ဖိုးဖူးလို့ခေါ် ပါတယ်။ အခု အသက် ၆၂ နှစ် ရှိပါပြီ။ ဇာတိက ညောင်ရွှေမြို့နယ် အင်းလေး ဒေသ ကျိုင်းခမ်းရွာကပါ။ အင်းလေးမှာ ဆို အင်းယား၊ ကျောက်တိုင်ရွာတွေနဲ့ နီးပါတယ်။ လင်းခေးမှာ လာရောက် နေထိုင်လုပ်ကိုင်စားသောက်ခဲ့တာ အနှစ် ၂ဝ ကျော်ရှိပါပြီ။ ရေစည်တိုက်ရောင်း စားတဲ့အလုပ်လုပ်ခဲ့တာကတော့ အနည်း ဆုံး ၁ဝ နှစ်ရှိပါပြီ။ အရင်က အဘိုးက ဈေးသည်ပါ။ လင်းခေးမြို့ကနေ ခုနစ်မိုင်၊ ရှစ်မိုင်လောက်ဝေးတဲ့ ဝမ်တိန်းရွာတွေ မှာ သွားသွားလာလာ ကုန်မျိုးစုံအရောင်း အဝယ်လုပ်ကိုင်စားသောက်နေထိုင် လာခဲ့ရာကနေ လွန်ခဲ့တဲ့ ၁ဝ နှစ်ကစ ဒီရေရောင်းစားတဲ့အလုပ်နဲ့ပဲ အခုထိ အသက်မွေးဝမ်းကျောင်းပြုနေပါတယ်။ မမျှော်လင့်ဘဲ ကျောင်းကြီးကျောင်းမီး သင့်တဲ့ညမှာ မီးငြှိမ်းသတ်ဖို့ အဘိုး ထော်လာဂျီလေးမှာ ဖြည့်ထား ရှိထားတဲ့ ရေငါးစည်နဲ့ အပြေးမောင်းလာခဲ့တယ်။ ဒါပေမယ့် မီးကိုမနိုင်ခဲ့တော့ လူတွေ ဘယ်လိုပဲ ငြှိမ်းသတ်ခဲ့ပေမယ့် ဆုံးရှုံးသွား တဲ့ကျောင်းကြီးအတွက် စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ ဒါကြောင့် သြဂုတ် ၅ ရက်က မဟာမြတ်မုနိကျောင်းတော်မှာ အလှူငွေလှူဒါန်းပေးအပ်ပွဲပြီး နောက် တစ်ရက် သြဂုတ် ၆ ရက် မနက်မှာ အဘိုး အိမ်မှာပဲ စုဆောင်းခဲ့တဲ့ ရေရောင်းလို့ ရထားတဲ့ ငွေကျပ် ၁ဝ သိန်းကို ကျောင်း အတွက် အဖိုးဖူးတို့ လင်မယားနှစ်ယောက် သွားရောက် လှူဒါန်းပေးဖြစ်ခဲ့တာပါ။
''အဘိုးအနေနဲ့ ခုလို မီးလောင် သွားတဲ့ လင်းခေး မြို့လယ်က ကျက်သရေရှိလှတဲ့ ကျောင်းကြီးကို အသစ်တည်ဆောက်သွားမယ်ဆိုတာ ကြားသိခဲ့ရတာနဲ့ စိတ်ထဲမှာ အလိုလို လှူဒါန်းလိုတဲ့စိတ်တွေပေါ်ပေါက်လာပြီး သဒ္ဓါတတ်အားသရွေ့ အခုလို ၂ဝဝ၅-၂ဝဝ၆ ခုနှစ်လောက်ကတည်းက စုလာ ခဲ့ရတဲ့ ရေဖိုးလေး ရငွေ ၁ဝ သိန်းကို လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီအချိန် ရေတစ်စည်ကို ငွေကျပ် ၃ဝဝ၊ သုံးစည်ကို တစ်ထောင်ကျပ် ခေတ် ကတည်းက စုဆောင်းလာခဲ့တဲ့ အဘိုး မိသားစု လုပ်အားခထဲက စုလည်းစု၊ စားလည်းစား လုပ်ခဲ့တဲ့ အထဲကပါ။ အဖိုးဖူးရဲ့ ရင်ထဲမှာ တကယ့်စေတနာ သဒ္ဓါစိတ်တွေ ပွားများလာခဲ့တဲ့အတွက် ဒီကျောင်းကြီးအတွက် ခုလို လှူဒါန်း ပေးလိုက်ရတာကို အဘိုးကျေနပ်တယ်။ ပီတိဖြစ်မိပါတယ်။ ဝမ်းလည်းသာတယ်။ အခုလို ပေးလှူလိုက်ရလို့လည်း အဘိုး မှာ ငွေတစ်ပြားမှမကျန်ရင်လည်းနေပါစေ။ အဖိုးသေပျော်ပြီလို့ပဲ စိတ်ထဲမှာ ခံစားခဲ့ရတယ်။ ဒီအလှူလေး ပြုလိုက်ရတဲ့ အကျိုးဟာ အဘိုးက ရေသည်ဆိုတော့ ရေအကျိုးဆယ်ပါးအဖြစ်နဲ့ အဘိုး လှူဒါန်းနိုင်ခဲ့ရတယ်လို့ပဲ မှတ်ယူလိုက်မိ ပါတယ်။ အဘိုးအနေနဲ့ နောက်ဆုံးပြော ချင်တာကတော့ မီးလောင်သွားပြီး အသစ်ပြန်ဆောက်မယ့် ဒီကျောင်းကြီး အမြန်ပြီးသွားစေဖို့ စေတနာရှင်အလှူရှင် တွေ၊ အဘိုးတို့ထက်မက လှူဒါန်းပေးနိုင် မယ့်သူတွေ များများပေါ်ပေါက်လာနိုင် ပါစေလို့လည်း ဖိုးဖူးအနေနဲ့ ပြောချင် ပါတယ်'' ဟု ထော်လာဂျီလေးတစ်စီးကို စက်နှိုးရေဖြည့်နေစဉ် စာရေးသူအား အလှူဒါနထူးလေးပြုခဲ့ရသူ အဖိုးဖူးက ဖြေကြားခဲ့ပုံကို ရေးသားဖော်ပြလိုက်ရ ပါသည်။

စိုင်းဇော်လတ်(လင်းခေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရိုးသားကြိုးစား ရေရောင်း၍ရသည့် လုပ်အားခငွေကျပ် ၁ဝ သိန်းဖြင့်ဒါနပြုသည့် အဘိုးအို  ရိုးသားကြိုးစား ရေရောင်း၍ရသည့် လုပ်အားခငွေကျပ် ၁ဝ သိန်းဖြင့်ဒါနပြုသည့် အဘိုးအို Reviewed by THITHTOOLWIN on 09:33 Rating: 5
Powered by Blogger.