ရှမ်းပြည်မြောက်ပိုင်းမှာ ဂျပန်ဦးနှောက်ရောင်ရော ဂါ ဖြစ်ပွားသူတွေများလာ

ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားသူ ကလေးငယ်တစ်ဦးကို သြဂုတ်လ ၈ ရက်နေ့က လားရှိုးပြည်သူ့ဆေးရုံမှာ တွေ့ရစဉ်။ Photo:Kan Thar/RFA
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နှစ်လအတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားသူ ၂ဝ ကျော်ရှိနေပြီး လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ ကွမ်လုံ၊ ဟိုပန်၊ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့တွေမှာ ရောဂါဖြစ်ပွားမှုတွေ ရှိနေတယ်လို့ ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာထင်လင်းက ပြောပါတယ်။

ရောဂါဖြစ်ပွားသူတွေထဲက နှစ်ဦးသေဆုံးခဲ့တယ်လို့ ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ထင်လင်းက ပြောပါတယ်။

အဲ့ဒီရောဂါဟာ ခြင်ကတဆင့် ကူးစက်တာဖြစ်ပြီး ပြီးခဲ့တဲ့မတ်လက လားရှိုးမြို့နယ် ဗုံမွန်မြောင်ဇီး တိုင်းရင်းသားကျေးရွာမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း လားရှိုးမြို့မှာ ၄ ဦး၊ သိန်းနီမြို့မှာ ၁ ဦး၊ ကွတ်ခိုင်မြို့မှာ ၃ ဦး၊ ကွမ်လုံမှာ၂ ဦး၊ ဟိုပန်မှာ ၃ ဦး၊ လောက်ကိုင်မှာ ၉ ဦးနဲ့ ပန်ဆန်းမှာ ၁ ဦး စုစုပေါင်း ၂၃ ဦး ဖြစ်ပါတယ်။

ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူတွေဟာ သုံးနှစ်ကနေ အသက် ၄၄ နှစ်ကြား ဖြစ်ပွားနေတာဖြစ်ပြီး အများစုဟာ မြို့နဲ့အလှမ်းဝေးတဲ့နေရာတွေက ဖြစ်ပါတယ်။

အဲ့ဒီရောဂါဟာ အိမ်မွေးတိရစ္ဆာန်တွေကို ကိုက်တဲ့ခြင်တွေကတဆင့် ကူးစက်တာဖြစ်ပြီး ရောဂါအတွက် ကုသဖို့ ဆေးမရှိသေးသလို ရောဂါဖြစ်ပွားသူအများစုဟာ သေဆုံးတာများတယ်လို့လည်း ပြောပါတယ်။

ခြင်ကိုက်မခံကြဖို့နဲ့ အိမ်မွေးတိရစ္ဆာန်တွေကို နေအိမ်တွေနဲ့အဝေးမှာ မွေးကြဖို့ ဒေါက်တာထင်လင်းက သတိပေးပါတယ်။

အရင်က ကလေးငယ်တွေမှာပဲ အဖြစ်များတာတွေ့ရပေမယ့် လက်ရှိ လူကြီး၊ လူငယ် အသက်အရွယ် မရွေး ဖြစ်ပွားနေတာကြောင့် ခြင်မပေါက်ဖွားနိုင်အောင် ကာကွယ်ဖို့နဲ့ ရောဂါဖြစ်ပွားလာရင်လည်း သက်ဆိုင်ရာကျန်းမာရေးဌာနတွေကို အမြန်ဆုံးသွားရောက် ကုသကြဖို့လည်း တိုက်တွန်းထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရှမ်းပြည်မြောက်ပိုင်းမှာ ဂျပန်ဦးနှောက်ရောင်ရော ဂါ ဖြစ်ပွားသူတွေများလာ  ရှမ်းပြည်မြောက်ပိုင်းမှာ ဂျပန်ဦးနှောက်ရောင်ရော ဂါ ဖြစ်ပွားသူတွေများလာ Reviewed by THITHTOOLWIN on 19:21 Rating: 5
Powered by Blogger.