ကိုယ်တွင်းအင်္ဂါ ရောင်းဝယ်မှုဖြင့် အဖမ်းခံလိုက်ရတဲ့ အိန္ဒိယ ဆရာဝန် လေးယောက်

အစားထိုးကုသမည့် ကိုယ်တွင်းအင်္ဂါတစ်ခုအား ဆရာဝန်တစ်ဦးက ယူဆောင်လာစဉ် (ဓါတ်ပုံ-အင်တာနက်)
    မွမ်ဘိုင်း၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ ရှိ နာမည်ကြီးဆေးရုံ တစ်ရုံ၏ အကြီးအကဲတစ်ဦးနှင့် အခြား ဆရာဝန် ၄ ယောက် အား ရဲတပ်ဖွဲ့က သြဂုတ် ၁၀ ရက်တွင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်မှု ဖြင့် ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း သိရသည်။

Indian Express တွင်ဖော်ပြချက်အရ မွမ်ဘိုင်းမြို့ Powei ခရိုင်ရှိ LH Hiranandani ဆေးရုံတွင် ပြုလုပ်သည့် ကျောက်ကပ်အစားထိုးခွဲစိတ်မှု တစ်ခုတွင် ကျောက်ကပ်ပေးလှူသူ နှင့် လက်ခံသူ နှစ်ဦးသည် လင်မယား ဟန်ဆောင်ထားကြောင်း တွေ့ရှိခဲ့၍ ရဲတပ်ဖွဲ့ က အဆိုပါ ခွဲစိတ်မှုအား ဟန့်တားခဲ့ကြောင်း သိရသည်။

သတင်းတွင်ဖော်ပြချက်အရ ခွဲစိတ်မှုတွင် ပါဝင်သော အမျိုးသမီးသည် ၄င်း၏ ကျောက်ကပ်အား ငွေလက်ခံယူပြီးနောက် ရောင်းချရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ တွင် လူနာ၏ ဆွေမျိုးအရင်းအခြာများ (သို့) အထူးကော်မရှင်က အတည်ပြုပေးသည့် ဆွေမျိုးမတော်စပ်သူများ သာလျှင် ကိုယ်တွင်းအင်္ဂါလှူဒါန်းခွင့်ရှိကြောင်း သိရသည်။

ဆေးရုံ၏ အမှုဆောင်အရာရှိချုပ် Sujit Chatterjee ၊ ဆေးပညာဆိုင်ရာ ဒါရိုက်တာ Anurag Naik နှင့် အခြား ဆရာဝန် ၃ဦးကို ဖမ်းဆီးထားကြောင်း နှင့် ၄င်းတို့ ၅ဦးအား သြဂုတ် ၂၃ ရက်အထိ အချုပ်ချထားမည် ဖြစ်ကြောင်း မွမ်ဘိုင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Ashok Dudhe ကပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသား သန်းပေါင်းများစွာသည် ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားမှုနှုန်းများပြား၍ ကျောက်ကပ်ပျက်စီးမှု ဝေဒနာများကို ခံစားနေရကြောင်း နှင့် အစားထိုးမည့် ကိုယ်တွင်းအင်္ဂါ ပြတ်လပ်မှုကို မှောင်ခိုဈေးကွက်က ဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ကိုယ်တွင်းအင်္ဂါ ရောင်းဝယ်မှုဖြင့် အဖမ်းခံလိုက်ရတဲ့ အိန္ဒိယ ဆရာဝန် လေးယောက် ကိုယ်တွင်းအင်္ဂါ ရောင်းဝယ်မှုဖြင့် အဖမ်းခံလိုက်ရတဲ့ အိန္ဒိယ ဆရာဝန် လေးယောက် Reviewed by THITHTOOLWIN on 17:11 Rating: 5
Powered by Blogger.