ဒေါ်စုနဲ့ တပ်ချုပ် တိုင်းရင်းဒေသ အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံ
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တိုင်းရင်းဒေသတွေမှာ တိုက်ခိုက်မှု ရပ်စဲရေး အပါဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးပါတယ်။ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရော၊ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေပါ အားလုံးပါဝင်နိုင်ဖို့ မျှော်လင့်ထားတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး ဆောင်ရွက်နေချိန်မှာ အခုလို အရေးပါတဲ့ ပုဂ္ဂိုလ် ၂ ဦး တွေ့ဆုံ ဆွေးနွေးမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ နှစ်ဦးနှစ်ဘက် ဘယ်လို ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြသလဲ ဆိုတာကိုတော့ သမ္မတရုံး ၀န်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးကို မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းတာမှာ အခုလို စပြောပါတယ်။

ဦးဇော်ဌေး။ ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် တွေ့တဲ့ နေရာမှာ အဓိကအားဖြင့် ကျနော်တို့ အချက် ၄ ချက်ပေါ့နော်၊ အချက် ၄ ချက်ဆိုတော့ ကိစ္စရပ် ၄ ရပ်ပေါ့ အဲဒါ ဆွေးနွေးတယ်။ နံပတ် ၁ ကတော့ ကျနော်တို့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည် မြောက်ပိုင်း ဒေသတွေ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ နံပတ် ၂ ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ နံပတ် ၃ ကတော့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး၊ နံပတ် ၄ ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံနဲ့ ၂၁ ရာစု ပင်လုံကျင်းပရေး ဒီကိစ္စတွေ ဆွေးနွေးတာ ဖြစ်ပါတယ်။

မေး။ ။ ဆွေးနွေးပွဲ ရလဒ် ကောင်းပါလား။

ဦးဇော်ဌေး။ ။ ဆွေးနွေးတာကတော့ ၂ နာရီကနေ ၄ နာရီခွဲ အတွင်း စုစုပေါင်း ၂ နာရီခွဲလောက် ကြာပါတယ်။ ၂ နာရီခွဲလောက်ကြာတော့ အသေးစိတ်ပေါ့နော် အသေးစိတ်ကို ဆွေးနွေးကြတယ်။ ဆွေးနွေးတဲ့ အနေအထားကတော့ နှစ်ဦး နှစ်ဘက် ပူးပေါင်းဆောင်ရွက်တဲ့ဟာမှာ တော်တော်လေးကို အားရကျေနပ်ဖွယ်ရာ အနေအထားလို့ ယူဆလို့ ရပါတယ်။

မေး။ ။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုတဲ့ အပေါ်မှာ တပ်မတော်ဘက်က ဘယ်လိုများ တုံ့ပြန်ပါလဲ။

ဦးဇော်ဌေး။ ။ Detail (အသေးစိတ်) ကတော့ လောလောဆယ် ပြောလို့ မရဘူးပေါ့နော်။ ဒီဟာဘဲ Generally (ယေဘုယျ အားဖြင့်) ဘဲ Issue – Title တွေ ပြောလို့ရတယ်။ ကျန်တာကတော့ လောလောဆယ် ပြောလို့ မရသေးဘူး။ ကျန်တဲ့ဟာကတော့ ကျနော်တို့က ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဆက်စပ်ပြီးတော့ လုပ်နေတာ ဖြစ်တာပေါ့။

နေပြည်တော် သမ္မတရုံးမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကိုတော့ ကြည်းတပ် ဦးစီးချုပ်၊ နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ် အပြင် မြန်မာ အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ဒေါ်စုနဲ့ တပ်ချုပ် တိုင်းရင်းဒေသ အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေး  ဒေါ်စုနဲ့ တပ်ချုပ် တိုင်းရင်းဒေသ အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေး Reviewed by THITHTOOLWIN on 19:59 Rating: 5
Powered by Blogger.