ရေတာရှည် သြဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရ-ကိုးပင်ရိုးမ ဖြတ်ကျော်ကားလမ်း ၁၆ မိုင်ရွာသစ် တောင်ဘက် နှစ်ဖာလုံခန့်အကွာရှိ လုံးရမ်းချောင်းအတွင်း ရှေးဟောင်း လုံးထွင်းလှေကြီးတစ်စင်း တွေ့ရှိခဲ့ကြောင်း သိရသည်။
လုံးရမ်းချောင်းအတွင်း ကန့်လန့်အနေအထားဖြင့်ပေါ် နေသည့် လုံးထွင်းလှေကြီးမှာ အရှည်ပေ ၅ဝ၊ လုံးပတ် ရှစ်ပေနှင့် လေးလက်မ၊ လှေဝမ်းအနက် နှစ်ပေနှင့် သုံးလက်မခန့်ရှိပြီး သင်္ကန်းသားဟုယူဆရကြောင်း သစ်တော တာဝန်ရှိသူများကပြောသည်။
အဆိုပါ လုံးထွင်းလှေကြီးကို သြဂုတ် ၇ ရက် ညနေ ၃ နာရီခန့်က ကျေးရွာဒေသခံ ကျွဲကျောင်းသား နှစ်ဦးက ရေချိုးရင်းတွေ့ရှိပြီး ကျေးရွာနေပြည်သူများ ဝိုင်းဝန်းစုပေါင်း၍ သဲများယက်ထုတ်ကာ ကျွဲများဖြင့် ဆွဲယူကာ ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''တွေ့ကတည်းက လှေကြီးလို့ ကောင်လေးတွေက ပြောတာ။ ဒါနဲ့ရွာသူရွာသားတွေအကုန်လုံးပဲ ချောင်းထဲဆင်း ပြီးသဲတွေယက်၊ ကျွဲတွေနဲ့ဆွဲရတာ ချောင်းရေလာရင်ပါ သွားမှာစိုးလို့ပါ။ မနေ့ကညနေပိုင်းကျမှ အခုလို အကုန်လုံး ပေါ်လာတယ်'' ၁၆ မိုင်ရွာသစ်နေ ကိုသိန်းထွန်းက ပြောသည်။
အဆိုပါ ရှေးဟောင်းလုံးထွင်းလှေမျိုးကို ၂ဝ၁၂ ခုနှစ်က လှည်းပွဲလေးကျေးရွာအနီး လုံးရမ်းချောင်းအတွင်း မှ ဆယ်ယူရရှိခဲ့ဖူးပြီး ယခုတွေ့ရှိရမှုမှာ ဒုတိယအကြိမ် ဖြစ်ကာ မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် သစ် ထုတ်လုပ်ရေးဌာနမှ ဆင်များကိုအကူအညီတောင်းခံ၍ ကုန်းပေါ်အရောက်ဆွဲယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုလွင်(ဆွာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily