ရေကြီးလို့ ပြောင်းရွှေ့ရသူ ၂ သောင်းကျော်ရှိနေ

( မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်မှာ ဧရာဝတီမြစ်ရေ မြင့်တက်လာတာကြောင့် သြဂုတ်လ ၁ ရက်နေ့က ဒေသခံတွေကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေစဉ် ) Photo: Hset Paing Toe/ RFA
ဧရာဝတီ၊ ချင်းတွင်းနဲ့ ဒုဌဝတီမြစ်ရေ မြင့်တက်တာကြောင့် မန္တလေးတိုင်း ညောင်ဦး၊ အမရပူရ၊ ပုသိမ်ကြီး၊ စဥ့်ကူး၊ သပိတ်ကျင်း စတဲ့ မြို့နယ် ၁၀ မြို့နယ်လောက်က ဒေသခံ နှစ်သောင်းကျော်ဟာ ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေရပါတယ်။

ဒေသခံတွေဘေးလွတ်ရာကို ပြောင်းရွှေ့နေဖို့အတွက် အစိုးရဘက်က လိုက်လံအသိပေး နှိုးဆော်တာ တွေကို ဆောင်ရွက်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနဝန်ကြီး ဒေါက်တာစိုးသန်းက ပြောပါတယ်။

ဒေသခံတွေဟာ သက်ဆိုင်ရာမြို့နယ်တွေက ဘုန်းကြီးကျောင်း၊ ဘုရားဝင်း၊ စာသင်ကျောင်းတွေနဲ့ ဆွေမျိုးနီးစပ် နေအိမ်တွေမှာ ခိုလှုံနေရပြီး ကျေးရွာတွေက စာသင်ကျောင်းတွေကိုလည်း ယာယီပိတ်ထားရပါတယ်။ အမရပူရနဲ့ တံတားဦးမြို့နယ်တွေမှာ ရေနစ်မြုပ်တဲ့ နေအိမ် အများဆုံးဖြစ်နေပါတယ်။

ဒီနေ့မနက်က ဧရာဝတီမြစ်ရေ မြင့်တက်လာတဲ့အတွက် တောင်သမန်အင်း အရှေ့ဘက်ခြမ်း တာရိုးပေါက်ထွက်တော့မယ့်အနေထားကို ရောက်ရှိလာတာကြောင့် ရေထိန်းတံခါးကို ၂ ပေခန့် ဖွင့်ချလိုက်ရပြီး မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် နံ့သာရပ်ကွက်ကို ရေ ၆ ပေခန့် ဝင်ရောက်ခဲ့ပြီး လူနေအိမ်ခြေ ၂၀၀ ကျော်ကို ပြောင်းရွှေ့ထားရပါတယ်။

လက်ရှိမှာ သက်ဆိုင်ဌာနတွေနဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့က တာဘောင်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းနေပါတယ်။ တာဘောင်ကျိုးထွက်သွားရင် အခြေအနေပိုဆိုးဝါးလာနိုင်တဲ့အတွက် ရေတံခါးကို လိုအပ်သလို ထပ်ဖွင့်ချဖို့လည်း စီစဉ်ထားပါတယ်။

တောင်သမန်အင်းအရှေ့ဘက်ခြမ်းတာဘောင်ကို လွန်ခဲ့တဲ့ ၅ နှစ်ခန့်က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အလားတူ တောင်သမန်အင်း နောက်ဘက်ခြမ်းမှာလည်း လူနေအိမ်အချို့ ရွှေ့ပြောင်းနေရပြီး တောင်ဘက်ခြမ်းက ရတနာပုံတက္ကသိုလ်ကိုလည်း ယာယီပိတ်လိုက်ကာ ဦးပိန်တံတားကိုလည်း ဖြတ်သန်းခွင့်ပိတ်လိုက်ပြီ ဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ နောက် ၃ ရက်အထိ မိုးများနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန့်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ရေကြီးလို့ ပြောင်းရွှေ့ရသူ ၂ သောင်းကျော်ရှိနေ  ရေကြီးလို့ ပြောင်းရွှေ့ရသူ ၂ သောင်းကျော်ရှိနေ Reviewed by THITHTOOLWIN on 17:18 Rating: 5
Powered by Blogger.