![]() |
အီတလီမှာ ဖြစ်ခဲ့တဲ့ ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ အပျက်အစီးကို တွေ့ရပုံ (Credit: ABC) |
အမေရိကန်နိုင်ငံ Geological Survey National Earthquake Information Center က ပညာရှင် John Bellini နဲ့ ကိုလံဘီယာ တက္ကသိုလ်က ငလျင်ပညာရှင် Michael Steckler တို့ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ပညာရှင် နှစ်ယောက်စလုံးက အီတလီငလျင်နဲ့ မြန်မာ ငလျင်က ဆက်စပ်မှု မရှိဘူးလို့ ဖြေဆိုကြပါတယ်။
ငလျင်ကြောခြင်း မတူကြသလို ကမ္ဘာအရှေ့နဲ့ အနောက်ခြမ်းလို့ ဖြစ်နေတယ်လို့ ပြောပါတယ်။ ငလျင်က အကြီးဆုံးထဲ မပါဝင်တာကြောင့် အဲဒီလောက် အကွာအဝေးအထိလည်း မသွားနိုင်ဘူးလို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာ တစ်နှစ်ကို ငလျင်အခုပေါင်း ၁၅၀ လောက် လှုပ်ခတ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။
အီတလီနဲ့ မြန်မာဟာ ငလျင်ဖြစ်တတ်တဲ့ ဒေသမှာ တည်ရှိတဲ့အတွက် နှစ်နိုင်ငံ စလုံးမှာ ငလျင်မကြာခဏ လှုပ်ခတ်နိုင်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ရင်တော့ အီတလီထက် ပြင်းအားကြီးမားနိုင်တယ်လို့လည်း ဆိုပါတယ်။
အီတလီမှာ လှုပ်ခတ်တဲ့ ငလျင်ကြောင့် နောက်ဆက်တွဲ ငလျင်တွေ များပေမယ့် မြန်မာမှာက ဘာကြောင့် နည်းနေသလဲလို့ National Geographic က မေးတဲ့အခါမှာ ငလျင်ရဲ့ အရွယ်အစားအပေါ် မူတည်ပြီး နောက်ဆက်တွဲ ငလျင်ဆိုတာ ရှိတတ်ပေမယ့် အီတလီမှာလည်း မှတ်တမ်းတင်တဲ့ စနစ်ပိုကောင်းမွန်တာကြောင့် ပိုသိရတာ ဖြစ်မယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံငလျင်က ပြင်းအား ၆.၈ ရှိပြီး အီတလီမှာ ၆.၂ ပဲ ရှိပေမယ့် ဘာကြောင့် အီတလီမှာ ပိုအပျက်အစီး များရသလဲလို့ မေးတဲ့အခါ ပညာရှင်တွေက မြန်မာ ငလျင်က ပိုပြီးနက်တဲ့နေရာမှာ လှုပ်ခတ်ပြီး အီတလီက မြေမျက်နှာပြင်တဲ့ နီးတဲ့နေရာမှာ ဖြစ်ခဲ့တယ်လို့ ရှင်းပြပါတယ်။
ဒါ့အပြင် အီတလီမှာ ငလျင်က တောင်ကုန်းဒေသမှာ လှုပ်ခတ်ခဲ့လို့ အဆောက်အဦးတွေ ပိုလှုပ်ခါရသလို ငလျင်ဗဟိုပြု လှုပ်ခတ်တဲ့ နေရာမှာ ဟောင်းနွမ်းတဲ့ အဆောက်အဦးကြီးတွေကြောင့် ပိုပျက်စီးရတာလို့ ပြောသွားကြောင်း National Geographic ရဲ့ မေးမြန်းမှုကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။
မြန်မာငလျင် အခြေအနေ
မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ၆.၈ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့လို့ ပုဂံဘုရားပေါင်း တစ်ရာကျော် ပျက်စီးပြီး အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ရပါတယ်။
ချောက်မြို့အနားမှာ မနေ့ ညနေ ၅ နာရီကျော်မှာ ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး အဲဒီငလျင်ဒဏ်ကို မြန်မာနိုင်ငံအတွင်းက ကယားပြည်နယ်၊ ရှမ်းပြည်နယ်လို နေရာအထိ ခံစားခဲ့ရသလို အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံအထိ ခံစားခဲ့ကြရတာ ဖြစ်ပါတယ်။
ငလျင်ဒဏ်ကြောင့် ရေနံချောင်းမြို့က မိန်းကလေး နှစ်ဦးနဲ့ ပုခုက္ကူ မြို့က ဆေးလိပ်စက်ရုံ ပြိုကျလို့ တစ်ဦး သေဆုံးခဲ့ရတယ်လို့ အစိုးရက ပြောပါတယ်။
အခုလောလောဆယ် ပျက်စီးသွားတဲ့ ပုဂ္ဂဘုရားက ၁၈၀ ကျော်နေပြီး အဲဒီအထဲမှာ နာမည်ကြီး ဘုရားတွေ ဖြစ်တဲ့ ထီးလိုမင်းလိုဘုရား၊ လောကနန္ဒာ၊ စူဠာမဏိ
စတဲ့ ဘုရားတွေလည်း ပါဝင်ပါတယ်။
ပုဂံ၊ မြောက်ဦးဒေသနဲ့ စစ်ကိုင်းတိုင်းဒေသက ရှေးဟောင်းဘုရားတွေ ပျက်စီးသွားခဲ့ရတာပါ။
အပျက်အစီးဘယ်လောက် ရှိသလဲဆိုတာကို အစိုးရက ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ပေါ်မှာတော့ ဒီငလျင်ဟာ ခါတိုင်းထက် အချိန်ကြာမြင့်စွာ လှုပ်ခတ်တယ်လို့ မှတ်ချက်ပြုကြသလို တချို့ကလည်း ငလျင်လှုပ်ခတ်နေတာကို ဗီဒီယိုတွေနဲ့ပါ မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။
တချို့လူတွေကလည်း ငလျင်လှုပ်တာကိုတောင် မသိလိုက်ရဘူးလို့ ဖေ့စ်ဘွတ်ပေါ်မှာ ပြောဆိုနေကြပါတယ်။
အီတလီနိုင်ငံ အခြေအနေ
အီတလီနိုင်ငံမှာ ဗုဒ္ဓဟူးနေ့တုန်းက ဖြစ်ပွားခဲ့တဲ့ မြေငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၁၅၉ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။
ပြင်းအား ၆.၂ ရှိတဲ့ ငလျင်ကြောင့် တောင်ပေါ်ဒေသဖြစ်တဲ့ Umbria, Marche နဲ့ Lazio မြို့တွေမှာ အပျက်အစီးများခဲ့ပါတယ်။
နောက်ဆက်တွဲ ငလျင်တွေရဲ့ ဒဏ်ကို စိုးရိမ်လို့ လူတွေဟာယာယီတဲတွေနဲ့ အဆောက်အဦးဝေးရာမှာနေပြီး အေးချမ်းတဲ့ညကို ဖြတ်သန်းခဲ့ကြရပါတယ်။
လူသူ အနေနည်းတဲ့ ဒေသမှာ ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပေမယ့် အဲဒီဒေသဟာ သာယာတဲ့အတွက် လူတွေအပန်းဖြေဖို့အတွက် လာရောက်နေထိုင်ကြတဲ့ ရာသီကာလမို့ သေကြေမှုတွေ များပြားရတာလည်း ဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာ နယ်ခံတွေပါသလို အများအပြားကတော့ ဧည့်သည်တွေ ဖြစ်ကြပါတယ်။
နေ့မအား၊ ညမနား ကူညီကယ်ဆယ်ရေးတွေ လုပ်နေကြပြီး အစိုးရကလည်း အရေးပေါ်ကူညီဖို့ ဒေါ်လာ သန်း ၃၅၀ ချပေးလိုက်ပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေကို ရဟတ်ယာဉ်တွေနဲ့ လုံခြုံမယ့်နေရာကို ရွှေ့ပြောင်းထားကြတယ်လို့လည်း သိရပါတယ်။
Amatrice ဆိုတဲ့ မြို့ဟာ အရင်နှစ်တုန်းကပဲ အီတလီနိုင်ငံရဲ့ အလှပဆုံးမြို့အဖြစ် ရွေးချယ်ခံခဲ့ရပေမယ့် ငလျင်ကြောင့် ပြားချပ်သွားကုန်ပြီလို့လည်း ရိုက်တာ သတင်းမှာ ရေးသားထားပါတယ်။
အီတလီအာဏာပိုင်တွေကတော့ သေဆုံးသူ ဦးရေ ဒီထက်များပြားနိုင်တယ်လို့ သတိပေးထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
မြန်မာနဲ့ အီတလီ ငလျင် ဆက်စပ်မှု မရှိ
Reviewed by THITHTOOLWIN
on
20:47
Rating:
