ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း စာသင်ကျောင်း အားလုံးကို သြဂုတ် ၈ ရက်မှ စတင်၍ ပိတ်ထားရ


ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးမှုရေလျှံမှုများကြောင့် သာပေါင်းမြို့နယ်ရှိ စာသင်ကျောင်း အားလုံးကို သြဂုတ် ၈ ရက်မှ စတင်၍ ပိတ်လိုက်ရပြီဖြစ်ကြောင်း သာပေါင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။

သာပေါင်းမြို့နယ်အတွင်း စုစုပေါင်းကျောင်း ၂၂၅ ရှိပြီး ရေကြီးရေလျှံမှုများကြောင့် သြဂုတ် ၈ ရက်မှ စတင်၍ ရေမြုပ်သည့် ကျောင်းများအပြင် အခြားကျောင်းများပါ ပိတ်လိုက်ရခြင်းဖြစ်သည်။

“ကျောင်းတွေအားလုံး ပိတ်လိုက်ပါပြီ။ ရေအခြေအနေက တော်တော်ဆိုးတော့ အဆင်မပြေတော့လို့ပါ” ဟု သာပေါင်းမြို့နယ် ပညာရေးမှူး ဒေါ်ဝင်းဝင်းတင်က ပြောသည်။

လက်ရှိ ရေဆက်လက် မြင့်တက်နေခြင်းကြောင့် ကျေးရွာအချို့တွင် စာသင်ကျောင်းများအား ကယ်ဆယ်ရေး စခန်းများအဖြစ် အသုံးပြုနေရကြောင်း သိရသည်။

“ရေဒီလောက်ကြီးနေတာ ကလေးတွေ ကျောင်းသွားဖို့ အဆင်မပြေတော့ဘူး။ အခန့် မသင့်ရင် အန္တရာယ် ဖြစ်နိုင်တယ်” ဟု သာပေါင်းမြို့နယ် ဆတ်သွားကျေးရွာမှ ကျောင်းသားမိဘ ဦးပြည့်လင်းက ပြောသည်။

သာပေါင်းမြို့နယ်အတွင်း ရပ်ကွက် ကျေးရွာအုပ်စုပေါင်း ၇၀ ရှိပြီး ဇူလိုင်မှစ၍ သာပေါင်းမြို့နယ်အတွင်း ကျေးရွာထက်ဝက်ကျော်မှာ ရေနစ်မြုပ်ခဲ့ပြီး သြဂုတ် ၈ ရက်အထိ ငဝန်မြစ်ရေသည် အန္တရာယ် ရေမှတ်ကို ကျော်၍ ၂၂.၂၀ ပေ အထိမြင့်တက်နေကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ၈ မြို့နယ်တွင် ရေကြီးနစ်မြုပ်မှုများကြောင့် ဒေသခံ ၁၂၀၀၀ ခန့်သည် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှုများကြောင့် သြဂုတ် ၈ ရက်အထိ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်များမှ လူဦးရေ ၃ သိန်းကျော် ရေဘေးဒဏ်ခံစားနေရကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ
သိရသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း စာသင်ကျောင်း အားလုံးကို သြဂုတ် ၈ ရက်မှ စတင်၍ ပိတ်ထားရ  ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း စာသင်ကျောင်း အားလုံးကို သြဂုတ် ၈ ရက်မှ စတင်၍ ပိတ်ထားရ Reviewed by THITHTOOLWIN on 13:20 Rating: 5
Powered by Blogger.