ဧရာဝတီမြစ်ရေ ဆက်လက် မြင့်တက်လာမှုကြောင့် ညောင်တုန်းမြို့နယ် အတွင်းရှိ ကျေးရွာအချို့ အကူအညီ လိုအပ်


ညောင်တုန်း ဩဂုတ် ၈

ဧရာဝတီမြစ်ရေ ဆက်လက် မြင့်တက်လာမှုကြောင့် ညောင်တုန်းမြို့နယ် အတွင်းရှိ ဆည်မြောင်း၊ တာတမံ အပြင်ဘက်ရှိ ကျေးရွာများရေကြီး နစ်မြုပ်လျက်ရှိသည်။ ညောင်တုန်း မြို့နယ်အနေဖြင့် ခေတ်အဆက်ဆက် ဧရာဝတီမြစ်ရေ ကြီးမြင့်ခဲ့သည့် ရေမှတ်များကို ကျော်လွန်ကာ ယခုနှစ်မြင့် တက်နေသည့် ရေမှတ်သည် အမြင့်ဆုံးဖြစ်သည်။ ယခင်နှစ် က ရေဘေးကြောင့် လိမ္မော်ရောင် အဆင့်ကြေညာခဲ့သော မြို့တစ်မြို့ ဖြစ် သည်။ ထိုစဉ်က အမြင့်ဆုံးရေမှတ်သည် ၂၅ ဒသမ ၈ ပေအထိ ရှိခဲ့ပြီး ယခုမြင့်တက်နေသော ရေမှတ်သည် ဩဂုတ် ၈ ရက် နံနက် ၁၀ နာရီထိ တိုင်းထွာချက်အရ ၂၆ ဒသမ ၃ ပေရှိသည်။

မြစ်ရေ မြင့်တက်မှုကြောင့် ညောင်တုန်းမြို့ပေါ်အနေဖြင့် စိုးရိမ်ဖွယ် မရှိသော်လည်း စံကင်းကျွန်းနှင့် ညောင်တုန်းကျွန်း ဒေသရှိ ဆည်မြောင်း၊ တာတမံများ၏ အပြင်ဘက်တွင် နေထိုင်ကြသော ကျုံတမာ၊ ပေစိ၊ ထိပ်ဝကြီး၊ မြမ္မပြာသာ၊ ဆင်ထုံးအရှေ့၊ စက္ကော့ရေလယ်၊ သပြုရေလယ်ကျွန်း၊ ကျုံရစ်၊ ဂန်ချောင်း-ထုံးဝ၊ ရန်ကင်းစံရာ၊ ဂုံမင်းဆိပ်၊ ပါလှဲ့နှင့် အလယ်ချောင်း ကျေးရွာများသည် အိမ်များ ရေမြုပ်၍ ကုန်းမြင့်ရာ သို့ ပြောင်းရွှေ့ နေထိုင်ကြရသည်။ အချို့ကျေးရွာများသည် ရွာလုံးကျွတ် နီးပါးရေမြုပ်ပြီး သောက်ရေနှင့် အစားအစာများ လိုအပ်လျက်ရှိသည်။

"အရင်နှစ်က မြစ်ရေကြီးတာကြောင့် အိမ်တွေရေမြုပ်လို့ အခုနှစ်မြှင့် ပြီး ဆောက်ထားပေမယ့် ယခင်နှစ်က ရေထက် ပိုမြင့်တက်လာတော့ ထပ်မြုပ်ပြန်ရော။ မြစ်ရေတွေကလည်း ရေနောက်တွေ၊ ကျိုချက် သောက် ရအောင်လည်း ထင်းတွေကစိုနေတော့ ချက်ပြုတ် စားရတာတောင် အခက်တွေ့နေကြတယ်။ သစ်သားတွေက ရေစိုနေတော့ ဝါးလုံး အခြောက်တွေကို ပိုင်းဖြတ်ပြီး ချက်နေကြရတယ်။ ကျွန်တော်တို့က ဆည်မြောင်းတာရဲ့ အပြင်ဘက်က ရွာတွေဆိုတော့ နှစ်စဉ်နှစ် တိုင်း ရေမြုပ်နေကြ ဆိုပေမယ့်လည်း ယခင် နှစ်တွေကထက် အခုနှစ်က ပိုဆိုးပါတယ်"ဟု ထိပ်ဝကြီး ကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။

မြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး ကွပ်ကဲရေးရုံးကို လမ်း(၂၀)ထိပ် မြို့နယ် မီးသတ် ဦးစီးဌာနတွင် ဖွင့်လှစ်ထားရှိပြီး ဖုန်း ၀၄၆-၂၀၄၀၄၊ ၀၉-၉၆၀၂၂၇၃၅၉ တို့သို့ ဆက်သွယ် စုံစမ်းမေးမြန်း၍ လှူဒါန်းနိုင်ပြီး အလှူရှင်များ အနေဖြင့် အမှန်တကယ် ရေဘေး ဒုက္ခရောက်နေကြသော ပြည်သူများ လက်ဝယ်သို့ တိုက်ရိုက် သွားရောက် လှူဒါန်းသည် ဖြစ်စေ၊ ကွပ်ကဲရေးရုံးတွင် လှူဒါန်းသည်ဖြစ်စေ အလှူရှင်များ၏ ဆန္ဒအလျောက် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ဝင်းမြင့်ကျော်(ညောင်တုန်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဧရာဝတီမြစ်ရေ ဆက်လက် မြင့်တက်လာမှုကြောင့် ညောင်တုန်းမြို့နယ် အတွင်းရှိ ကျေးရွာအချို့ အကူအညီ လိုအပ်  ဧရာဝတီမြစ်ရေ ဆက်လက် မြင့်တက်လာမှုကြောင့် ညောင်တုန်းမြို့နယ် အတွင်းရှိ ကျေးရွာအချို့ အကူအညီ လိုအပ် Reviewed by THITHTOOLWIN on 08:29 Rating: 5
Powered by Blogger.