သြဂုတ် ၂၃ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)၏ တပ်စိတ်မှူး ဒုတပ်ကြပ်ဖြစ်သူ စောခင် ရွှေအား ယခုသြဂုတ်လဆန်းပိုင်းက ဓါးခုတ်သတ်ခဲ့သူ စောဖူဖူကို ကော့ကရိတ်မြို့မ ရဲစခန်းတွင် ယနေ့အချိန်ထိ ထိန်းသိမ်းထားဆဲဖြစ်ပြီး ကေအဲန်ယူ ရဲတပ်ဖွဲ့က ပြန်လည်လွှဲပေးရန် တောင်းဆိုထားသည်ဟု သိရသည်။
သြဂုတ်လ ၈ရက်၊ မွန်းလွဲ ၂နာရီခွဲအချိန်တွင် ကော့ကရိတ်မြို့တောင်ပိုင်း၊ အံဖလေးကျေးရွာတွင် အဆိုပါ ဓား ခုတ်မှုဖြစ်ပွားပြီး ညတွင်းချင်းပင် စောဖူဖူသည် ကော့ကရိတ်မြို့မ ရဲစခန်းသို့ သွားရောက်အဖမ်းခံခဲ့ပြီးနောက် ကော့ကရိတ်မြို့နယ် KNPF က ပြစ်မိကျူးလွန်သူကို မိမိတို့လက်ထဲကို ပြန်လည်လွှဲအပ်ပေးရန် တောင်းဆိုထား ခြင်းဖြစ်သည်။
ယခုကိစ္စအပေါ် ကော့ကရိတ်မြို့နယ် KNPF ရဲမှူးကြီး စောအကျော်က “အခု သူ(စောဖူဖူ) သူသတ်သွားတာက ရိုးရိုးအရပ်သားမဟုတ်ဘဲ ကျနော်တို့အဖွဲ့အစည်းက လူဖြစ်တဲ့အတွက် ကျနော်တို့ဆီကို ပြန်လွှဲပေးသင့်ပါတယ်။ သူ့ကို ကျနော်တို့ရဲ့ ဥပဒေနဲ့အညီ ကိုင်တွယ်သွားမှာပါ။ ဒီကိစ္စက နှစ်ဖက်တာဝန်ရှိသူတွေ အချင်းချင်းညှိနှိုင်းလို့ ပြေလည်ရင် ပြန်လွှဲအပ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ပြစ်မှုကျူးလွန်ခဲ့သူ စောဖူဖူကို လက်ရှိ ကော့ကရိတ်မြို့၊ မြို့မရဲစခန်း သီးသန့်အချုပ်ထဲတွင် ထိန်းသိမ်းထား ကြောင်း၊ သြဂုတ်လ ၁၈ရက်နေ့က ၎င်းထံသွားရောက်တွေ့ဆုံခဲ့ကြောင်းနှင့် ၎င်းသည် မူးယစ်ဆေးဖြစ်သည့် စိတ်ကြွဆေးပြား သုံးစွဲသူတစ်ဦးဖြစ်ကြောင်း ကော့ကရိတ်မြို့နယ် KNPF က ဆိုသည်။
“သူ့(စောဖူဖူ)ကို ပြန်လွှဲပေးဖို့ကတော့ နှစ်ဖက်အကြားမှာ ကျနော်တို့ ညှိနှိုင်းနေကြတဲ့ အနေအထားမှာပဲ ရှိနေ
သေးပါတယ်။ ပြန်လွှဲ၊ မလွှဲကတော့ ကျနော် မပြောတတ်ဘူး။ အထက်လူကြီးတွေပဲ ဒီကိစ္စကို ညှိနှိုင်းပြောဆိုကြ မှာ ဖြစ်ပါတယ်”ဟု အစိုးရဘက် ကော့ကရိတ်မြို့နယ် ရဲတပ်ဖွဲ့၏ နယ်ထိန်းဖြစ်သူ မျိုးမင်းထွန်းက ကေအိုင်စီသို့ ပြောသည်။
ယခုသြဂုတ်လအတွင်း ကော့ကရိတ်မြို့နယ်ရှိ လှိုင်ဝရွာ၌ သားက အဖေကို ဓါးဖြင့် ခုတ်သတ်ခြင်း ဖြစ်စဉ်တစ်ခု၊ အဇင်းရွာတွင် ခင်ပွန်းသည်က ဇနီးသည်ကို ဓါးဖြင့် ထိုးသတ်မှုတစ်ခုနှင့် သုံးဆယ့်သုံးဆူရွာတွင် သားအဖအ ချင်းချင်း အပြန်အလှန် ဓါးထိုးမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်များမှာ မူးယစ်ဆေးဝါး သုံးစွဲခဲ့ကြောင့် ဖြစ် သည်ဟု သိရသည်။
ဓါးဖြင့် အခုတ်ခံရ၍ သေဆုံးသွားသူ ကော့ကရိတ်မြို့နယ်၊ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)၏ တပ်စိတ်မှူး ဒုတပ်ကြပ်ဖြစ်သူ စောခင်ရွှေသည် ဇနီးနှင့် သားသမီးနှစ်ဦး ကျန်ရစ်ခဲ့သည်။
ကေအိုင်စီ
http://kicnews.org
ကရင်အမျိုးသားရဲတပ်ကြပ် သတ်ခဲ့သူအား ကော့ကရိတ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားဆဲ
Reviewed by THITHTOOLWIN
on
21:23
Rating:
