ဗဟန်း လူသတ်မှု ကျူးလွန်သူ မော်လမြိုင်မှာ ဖမ်းမိ

ဗဟန်းမြို့နယ်တွင်ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား မော်လမြိုင်မြို့နယ်၊ ဒိုင်းဝန်ကွင်း 
နယ်မြေရဲစခန်းတွင် ဖမ်းဆီးရမိ
ရန်ကုန်၊ သြဂုတ် ၃၀

၂၉.၈.၂၀၁၆ ရက်နေ့ ၀၁၃၀ အချိန်ခန့်တွင် ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်တွင် လူသတ်မှုဖြစ်ပွားခဲ့သဖြင့် ဗဟန်းမြို့မရဲစခန်း(ပ)၂၅၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၂၅ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ အောင်ဇင်ဗိုလ်အား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက်လျက်ရှိပြီး လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြည်သူများတွေ့ရှိပါက ကူညီသတင်းပေးနိုင်ရေးအတွက် အသိပေးဖော်ပြခဲ့ပါသည်။


ယင်းသို့ဆောင်ရွက်လျက်ရှိရာ ၂၉.၈.၂၀၁၆ ရက်နေ့ ၂၁၃၀ အချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်ရဲတပ်ဖွဲ့၊ ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေအတွင်း လှည့်ကင်းတာဝန် ဆောင်ရွက်စဉ်ဒိုင်းဝန်ကွင်းမီးပွိုင့်အနီး၌ Yangon Police Facebook လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသော ပြစ်မှုကျူးလွန်သူ၏ဓါတ်ပုံနှင့် ပုံသဏ္ဍန်တူညီသူ အမျိုးသားတစ်ဦးအား တွေ့ရှိသဖြင့် ထိန်းသိမ်းစစ်မေးခဲ့ရာ ၎င်းသည် ၂၉.၈.၂၀၁၆ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင်ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူ အောင်ဇင်ဗိုလ်(ခ) ဇင်ဗိုလ်ဖြစ်ကြောင်း၊ အဆိုပါအမှုအား ကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်လာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဗဟန်းမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ပါသည်။

ယင်းသို့ ဖမ်းဆီးရမိသူ အောင်ဇင်ဗိုလ်(ခ)ဇင်ဗိုလ်အား ဗဟန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သွား ရောက်ခေါ်ဆောင်လျက်ရှိပြီး အမှုဖြင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

ယခုကဲ့သို့ ပြစ်မှုကျူးလွန်သူအား အခင်းဖြစ်ပွားပြီး ၂၄ နာရီအတွင်း ဖမ်းဆီးရမိရေး ကူညီဆောင်ရွက်ပေးခဲ့သော ပြည်သူများနှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့၊ ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ကျေးဇူးတင်ရှိပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။


ရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်သူအား တရားရုံးတွင် စွပ်စွဲခံရသူအဖြစ် တရားစွဲဆိုတင်ပို့ပြီး သက်သေအထောက်အထားခိုင်လုံ၍ တရားရုံးမှ ပြစ်ဒဏ်စီရင်ချက်ချပြီးမှသာ တရားခံဟုသတ်မှတ်၍ စွပ်စွဲခံရသူအဖြစ်ရှိစဉ် ဓါတ်ပုံအား မျက်လုံးအား ဖုံးအုပ်ထားခြင်းဖြစ်ပြီး တရားခံဟုသတ်မှတ်ပြီးပါက မူလဓါတ်ပုံအတိုင်းဖော်ပြခြင်းဖြစ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ဗဟန်း လူသတ်မှု ကျူးလွန်သူ မော်လမြိုင်မှာ ဖမ်းမိ  ဗဟန်း လူသတ်မှု ကျူးလွန်သူ မော်လမြိုင်မှာ ဖမ်းမိ Reviewed by THITHTOOLWIN on 08:39 Rating: 5
Powered by Blogger.