မြန်မာမြေငလျင် ကန်နဲ့ ကုလ ကူမည်


မနေ့က သြဂုတ်လ ၂၄ ရက်နေ့မှာ မြန်မာနိုင်ငံက ချောက်မြို့အရှေ့ဘက် ၁၆ မိုင်လောက်အကွာကို ဗဟိုပြုပြီး ပြင်းအား ၆.၈ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး ၃ ဦးသေဆုံးပြီး ပုဂံက ရှေးဟောင်း အမွေအနှစ် စေတီပုထိုးတွေ အပါအဝင် အဆောက်အဦး အများအပြား ပျက်စီးခဲ့ရတဲ့အတွက် အမေရိကန်အစိုးရကရော ကုလသမဂ္ဂကပါ ဝမ်းနဲကြောင်းနဲ့ လိုအပ်တဲ့ ကယ်ဆယ်ကူညီမှုတွေ ပေးဖို့ ပြင်နေကြောင်း ပြောကြားကြပါတယ်။

ဒီငလျင်ရိုက်ခတ်မှုကို အိမ်နီးချင်း အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသတွေက သာမက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက်ကာမြို့နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွေကပါ ခံစားခဲ့ရတာပါ။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

လူဦးရေ ၉ သောင်းလောက်နေထိုင်တဲ့ ချောက်မြို့ရဲ့ အရှေ့ဘက် ၁၆ မိုင်ကွာမှာ မြေအောက်အနက် ၅၂ မိုင်လောက်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၆.၈ ရှိတယ်လို့ USGS အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ အခုလို လှုပ်ခတ်ခဲ့တဲ့ မြန်မာနိုင်ငံ ငလျင်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတက စိုးရိမ်မှုရှိကြောင်းနဲ့ အခြေနေကို စောင့်ကြည့်နေပါကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ သမ္မအိမ်ဖြူပြောခွင့်ရ Josh Earnest က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ အလယ်မြောက်ဘက်မှာ မြေငလျင်လှုပ်ခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက အခြေနေ ဖြစ်ထွန်းမှုတွေကို လေ့လာစောင့်ကြည့်နေ ပါတယ်။ မြေငလျင်လှုပ်မှုနဲ့ ပတ်သက်လို့ အချက်အလက်တွေကို စုဆောင်းနေဆဲရှိပြီး ရန်ကုန်ရှိ အမေရိကန်သံရုံးအပြင် မြန်မာအစိုးရနဲ့ နိုင်ငံတွင်းရှိ အခြား လူသားချင်းစာနာမှု မဟာမိတ်အဖွဲ့တွေနဲ့လည်း နီးနီးကပ်ကပ် ဆက်သွယ်နေပါတယ်။”

အခုချိန်ထိတော့ မြန်မာနိုင်ငံမှာရောက်နေတဲ့ အမေရိကန်နိုင်ငံသားတွေထဲက ထိခိုက်ဒဏ်ရာရသူ ရှိမရှိ မသိရသေးပေမဲ့ အဲဒီဒေသတွင်း ငလျင်လှုပ်ခတ်ချိန်မှာ ရောက်ရှိနေတဲ့ နိုင်ငံသားတွေ လိုအပ်တဲ့ အကူညီပေးဖို့ ရန်ကုန် အမေရိကန်သံရုံးက လုပ်ဆောင်နေကြောင်းလည်း ပြောပါတယ်။ မြန်မာနိုင်ငံကို အကူညီပေးဖို့ မြန်မာအစိုးရနဲ့ ဆက်သွယ် ဆောင်ရွက်နေကြောင်းလည်း ပြောပါတယ်။


“မြေငလျင်လှုပ်ခဲ့တဲ့ အခြေနေနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရက ဆက်သွယ်ခဲ့ပြီး ဖြစ်တယ်ဆိုတာကို ကျနော်ပြောနိုင်ပါတယ်။ ဒါပေမဲ့ မြေငလျင်လှုပ်တဲ့ ဒဏ်က ဘယ်လောက် ကြီးမားတယ် ဆိုတာကို အတိအကျ မသိရသေးပါဘူး။ ရှေ့ဆက် လုပ်ဆောင်ရမယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ အဆက်သွယ် မပြတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Elizabeth Trudeau ကလည်း အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံရဲ့ ငလျင်ဒဏ်ခံရတဲ့ အခြေနေ အပြည့်အစုံကို သိရဖို့ ကြိုးစားဆဲဖြစ်ပြီး လူသားချင်းစာနာမှု အကူညီတွေ ပေးဖို့ပြင်ထားကြောင်း ပြောပါတယ်။

“မြန်မာနိုင်ငံ အလယ်ပိုင်းမြောက်ဘက်မှာ ဒီကနေ့ မြေငလျင်လှုပ်သွားတာနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက သတင်းရရှိထားပြီး အသက်ဆုံးရှုံးသွားခဲ့သူ မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနဲရပါကြောင်း အသိပေးအပ်ပါတယ်။ မြေငလျင်လှုပ်ခါသွားတာနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ စုဆောင်းနေဆဲရှိပြီး မြန်မာအစိုးရအပြင် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတွေနဲ့လည်း နီးကပ်စွာ ဆက်သွယ်နေတဲ့အပြင် အခြေနေကို နီးနီးကပ်ကပ် လေ့လာနေပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ အကူညီပေးဖို့ အဆင်သင့် ရှိပါတယ်။”

တချိန်တည်းမှာပဲ ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်း Donald Trump ကလည်း သူ့ရဲ့ ဖလော်ရီဒါပြည်နယ် မဲဆွယ်ပွဲ ရောက်နေတုန်းမှာပဲ မြန်မာနဲ့ အီတလီနိုင်ငံတွေက အားပြင်းငလျင် ဒဏ်ခံခဲ့ရသူတွေနဲ့ မိသာစုဝင်တွေအတွက် ဆုတောင်းပေးနေမှာဖြစ်ကြောင်း သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မြန်မာနိုင်ငံ ငလျင်ကော်မတီကလည်း အခြေနေကို အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်ပေးနေသလို ငလျင်ဗဟိုချက်နဲ့ မိုင် ၄၀ အတွင်း ဒေသအခြေနေတွေကို စောင့်ကြည့်ဖို့ နှိုးဆော်ခဲ့ပါ တယ်။ ချောက်ငလျင်ကြောင့် လူ ၃ ဦး အနဲဆုံး သေဆုံးခဲ့ရပြီး ငလျင်ဗဟိုချက်နဲ့ မိုင် အစိတ်လောက်ပဲကွာတဲ့ ရှေးဟောင်း အမွေအနှစ် စေတီပုထိုးပေါင်း ၂၅၀၀ ကျော် တည်ထားတဲ့ ပုဂံမှာတော့ စေတီပုထိုးပေါင်း ၉၀ ကျော် ပျက်စီးခဲ့တယ်လို့ ယဉ်ကျေုးမှုဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

တနေ့ထဲမှာပဲ အီတလီနိုင်ငံ ရောမမြို့အရှေ့မြောက်ဘက် မိုင် ၁၀၀ အကွာက ရှေးဟောင်း Accumoli မြို့လေးနဲ့ ၄ မိုင်အကွာ မြေအောက် ၆ မိုင် အနက်ကို ဗဟိုပြုလုပ်ခတ်တဲ့ ပြင်းအား ၆.၂ ရှိတဲ့ ငလျင်ဒဏ်ကြောင့် တမြို့လုံးနီးနီး ပျက်စီးသွားသလို လူပေါင်း ၁၂၀ ထက်မနဲ သေဆုံးခဲ့ရပါတယ်။

အခုလို ဗုဒ္ဓဟူးနေ့မှာ မြန်မာနဲ့ အီတလီက ငလျင်ဒဏ်ခံရသူတွေအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဝမ်းနည်းကြေကွဲကြောင်း မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။

“မြန်မာနဲ့ အီတလီမှာ ဒီကနေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အသက်သေဆုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးရတဲ့ သတင်းတွေကြောင့် အတွင်းရေးမှူးချုပ်က စိတ်မကောင်း ဖြစ်ရသလို ၂ နိုင်ငံ ပြည်သူတွေနဲ့ အစိုးရတွေအတွက် ဝမ်းနဲကြေကွဲရကြောင်း ပြောကြားခဲ့ပါတယ်။ လူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုရုံးကနေ ၂ နိုင်ငံ အာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး အခြေနေတွေကို အနီးကပ် ဆက်လက် စောင့်ကြည့်နေပါတယ်။ အာဏာပိုင်တွေနဲ့ ဒေသအဖွဲ့အစည်းတွေအတွက် လိုအပ်တဲ့ ဘယ် လူသားချင်း စာနာမှုမျိုးကိုမဆို အကူအညီပေးဖို့ ကုလသမဂ္ဂက မိတ်ဆွေနိုင်ငံတွေနဲ့ အတူ အသင့်ပြင်ထားပါတယ်။”

ဂျနီဗာအခြေစိုက် OCHA ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာနဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေး ညှိနှိုင်းဆောင်ရွက်မှုအဖွဲ့ လက်ထောက် အတွင်းရေးမှူးချုပ် Stephen O’Brian ကလည်း ငလျင်ဒဏ်ခံရတဲ့ မြန်မာနဲ့ အီတလီ နိုင်ငံတွေက အစိုးရတွေနဲ့ လူထုအတွက် ဝမ်းနဲကြောင်းနဲ့ လိုအပ်တဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပေးအပ်ဖို့ လုပ်နေကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၈ ငလျင်ကြောင့် နေပြည်တော်၊ မန္တလေးနဲ့ မကွေး ဒေသတွေမှာရှိတဲ့ စာသင်ကျောင်းတွေ၊ ဘုရာပုထိုးတွေနဲ့ လူနေအိမ်တွေ အပါအဝင် အဆောက်အဦး တချို့ပျက်စီးခဲ့ရကြောင်း ကနဦး သတင်းတွေ ရထားပြီး အပျက်အစီး ဘယ်လောက် ရှိတယ်ဆိုတာကို သိရဖို့ ကြိုးပမ်းနေတဲ့ အာဏာပိုင်တွေနဲ့ OCHA က ဆက်သွယ်ပြီး အခြေနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗြိတိန်နိုင်ငံက ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရံပုံငွေအဖွဲ့ UNICEF – UK ကလည်း မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လိုအပ်မယ့် အကူအညီတွေပေးဖို့နဲ့ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေပါကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ချောက်ငလျင်ရဲ့ ရိုက်ခတ်မှုကို ရန်ကုန် မန္တလေး မြို့ကြီးတွေမှာသာမက အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ပြည်နယ်တွေဖြစ်တဲ့ အနောက်ဘင်္ဂလား၊ ဘီဟာနဲ့ အာသံ ပြည်နယ်တွေမှာပါ ခံစားခဲ့ရပြီး Kolkata မြို့မှာ အဆောက်အဦး အမြင့်တွေပေါ် မနေရဲကြဘဲ လမ်းမပေါ် ထွက်နေကြရသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက်ကာမြို့တော်မှတော့ လူတွေဆင်းပြေးကြရင်း ထိခိုက်ဒဏ်ရာရသူ ၂၀ လောက် ရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာလည်း ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရတာပါ။

ဒေါ်ခင်မျိုးသက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
မြန်မာမြေငလျင် ကန်နဲ့ ကုလ ကူမည်  မြန်မာမြေငလျင် ကန်နဲ့ ကုလ ကူမည် Reviewed by THITHTOOLWIN on 09:47 Rating: 5
Powered by Blogger.