ချေးငွေ ဒေါ်လာသန်း ၁၀၀ ကိစ္စ လွှတ်တော်မှာတင်ပြ

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်။ Photo: Myanmar Union Parliament Facebook
နိုင်ငံတော်သမ္မတ တင်ပြထားတဲ့ ကမ္ဘာ့ဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူမယ့် အစီအစဉ်ဟာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ ဗဟိုဘဏ်အတွက် ဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ တင်ပြခဲ့ပါတယ်။
ဒေါ်လာသန်း ၁၀၀ ထဲက ၇၅ သန်းဟာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနအတွက်ဖြစ်ပြီး အဲ့ဒီချေးငွေကို ၀န်ထမ်း လစာ၊ စရိတ်၊ ပင်စင်ငွေပေးဖို့ အထောက်အပံ့အနေနဲ့ သုံးစွဲမှာဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း က တင်ပြခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာ သန်း ၁၀၀ ချေးယူဖို့ကိစ္စကို နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ သြဂုတ်လ ၅ ရက်နေ့စွဲနဲ့ သ၀ဏ်လွှာပေးပို့ထားတာဖြစ်ပြီး ချေးငွေရယူမယ့် စီမံကိန်းနဲ့ ဘဏ္ဍာရေုးဝန်ကြီးဌာန နဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌတို့က လွှတ်တော်မှာ ရှင်းပြတာဖြစ်ပါတယ်။

ချေးငွေ ၂၅သန်းရယူမယ့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းနဲ့ ငွေရေးကြေးရေး လုပ်ငန်းဆိုင်ရာ သင်တန်းကျောင်းဖွင့်လှစ်ရေးတို့အတွက် သုံးစွဲသွားမှာဖြစ်ပါတယ်။

အဲ့ဒီချေးငွေဟာ ဆိုင်းငံ့ကာလ ခြောက်နှစ်၊ ပြန်ဆပ်ကာလ ၃၂ နှစ် နဲ့ အတိုးမဲ့ချေးငွေဖြစ်ပြီး ၀န်ဆောင်ခအဖြစ် တစ်နှစ်ကို ၀ ဒသမ ၇၅ ရာခိုင်နှုန်း ပေးရမှာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတတင်ပြတဲ့ ကမ္ဘာ့ဘဏ်ကနေ ချေးငွေရယူမယ့်အစီအစဉ်ကို လွှတ်တော်မှာ ကိုယ်စား လှယ်တွေ ဆွေးနွေးကြမှာဖြစ်ပြီး ပါဝင်ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေက လာမယ့် သြဂုတ်လ ၁၁ ရက် နောက်ဆုံးထားပြီး အမည်စာရင်းပေးရမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ချေးငွေ ဒေါ်လာသန်း ၁၀၀ ကိစ္စ လွှတ်တော်မှာတင်ပြ ချေးငွေ ဒေါ်လာသန်း ၁၀၀ ကိစ္စ လွှတ်တော်မှာတင်ပြ Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.