ကန်ရေကူးသမား ၃ ဦးကို ဘရာဇီးလ်က နိုင်ငံပြန်ခွင့်မပြု

ဘရာဇီးလ်အာဏာပိုင်တွေက အလိုရှိနေတဲ့ အမေရိကန် ရေကူးသမား Ryan Lochte (Credit: Reuters) 
အမေရိကန်နိုင်ငံသား ​ရေကူးသမား ​၃ ​ယောက်ကို ​ဘရာဇီးလ်အာဏာပိုင်တွေက ​အမေရိကန်နိုင်ငံကို ​ပြန်ခွင့်မပေးဘူးလို့ ​သိရပါတယ်။

အမေရိကန် ​ရေကူးသမား ​Gunnar ​Bentz, ​Jack ​Conger ​နဲ့ ​James ​Feigen ​တို့ကို ​ဘရာဇီးလ်အာဏာပိုင်တွေက ​အမေရိကန်နိုင်ငံကို ​ပြန်ခွင့်မပေးတာ ​ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက ​ရေကူးအားကစားသမား ​၄ ​ယောက်က ​ရဲလိုဟန်ဆောင်ထားတဲ့ ​လူတွေက ​သူတို့ရဲ့ ​တက္ကဆီကို ​ရပ်ခိုင်းပြီး ​လုယူမှု ​လုပ်ခဲ့တယ်လို့ ​ပြောဆိုခဲ့တာ ​ရှိပါတယ်။

ရေကူးချန်ပီယံ ​Ryan ​Lochte ​ကတော့ ​အမေရိကန်နိုင်ငံကို ​ပြန်ရောက်နေပြီ ​ဆိုတဲ့သတင်းတွေ ​ထွက်ပေါ်နေပြီး ​ကျန် ​၃ ​ယောက်က ​ပြန်ဖို့ ​ကြိုးစားတဲ့အခါမှာ ​ဘရားဇီးလ်အာဏာပိုင်တွေရဲ့ ​ပိတ်ပင်မှုကို ​ခံရတာ ​ဖြစ်ပါတယ်။

အိုလံပစ် ​အားကစားပွဲတော်အတွင်း ​အမေရိကန် ​ရေကူးသမားတွေ ​လုယက်ခံရတဲ့ ​သတင်းကြောင့် ​ဘရာဇီးလ် ​အာဏာပိုင်တွေအတွက် ​မျက်နှာပျက်ခဲ့ရပြီး ​အဲဒီကိစ္စကို ​အာဏာပိုင်တွေက ​စုံစမ်းကြတာ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​အမေရိကန် ​ရေကူးသမားတွေရဲ့ ​ထွက်ဆိုချက်တွေက ​တစ်ယောက်နဲ့ ​တစ်ယောက် ​မတူညီတဲ့အတွက် ​ဘရာဇီးလ် ​တရားသူကြီး ​တစ်ယောက်က ​ရေကူးသမားတွေကိုပါ ​စစ်ဆေးဖို့ ​ညွန်ကြားလိုက်တာ ​ဖြစ်ပါတယ်။

ရေကူးသမားတွေဘက်က ​ခိုးယူလုယက်မှုအကြောင်း ​လုပ်ကြံပြောဆိုကြောင်း ​တွေ့ရှိရင်တော့ ​အပြစ်ပေးခံရနိုင်ပါတယ်။

ရေကူးသမားတွေကို ​မောင်းပို့တဲ့ ​တက္ကဆီသမားကိုလည်း ​ရဲတွေက ​မျက်မြင်သက်သေအနေနဲ့ ​ရဲစခန်းမှာ ​လာရောက်ဖို့ ​တိုက်တွန်းထားပေမယ့် ​အခုအချိန်အထိ ​ဒရိုင်ဘာက ​ဘယ်သူမှန်း ​မသိရသေးပါဘူး။

အမေရိကန် ​ရေကူးသမားတွေ ​လုယက်ခံရတဲ့ ​သတင်းကြောင့် ​သြစတြေးလျ ​အိုလံပစ် ​အားကစားအဖွဲ့ကလည်း ​သြစတြေးလျ ​ကစားသမားတွေကို ​Rio ​မြို့ထဲ ​မသွားဖို့၊ ​ဝေးလံတဲ့ ​ကမ်းခြေ ​မသွားပဲ ​အိုလံပစ် ​ကျေးရွာအနားမှာသာ ​သွားလာဖို့ ​ညွန်ကြားမှုတွေ ​လုပ်ခဲ့ပါတယ်။

ဘရာဇီးလ် ​တရားသူကြီးကတော့ ​သေနတ်နဲ့ ​လုယက်ခံရတယ်လို့ ​ပြောခဲ့တဲ့ ​အမေရိကန် ​ရေကူးသမားတွေကို ​ကြည့်တဲ့အခါ ​စိတ်ပိုင်းဆိုင်ရာ၊ ​ကိုယ်ပိုင်းဆိုင်ရာ ​ကြောက်ရွှံ့မှုတွေ ​မတွေ့ရပဲ ​တစ်ယောက်နဲ့ ​တစ်ယောက် ​နောက်ပြောင်နေကြသလို ​အခင်းဖြစ်ပွားပုံကို ​ပြောတဲ့အခါမှာလည်း ​မတူညီမှုတွေ ​ဖြစ်နေတယ်လို့ ​ပြောဆိုခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ကန်ရေကူးသမား ၃ ဦးကို ဘရာဇီးလ်က နိုင်ငံပြန်ခွင့်မပြု  ကန်ရေကူးသမား ၃ ဦးကို ဘရာဇီးလ်က နိုင်ငံပြန်ခွင့်မပြု Reviewed by THITHTOOLWIN on 13:15 Rating: 5
Powered by Blogger.