ငွေကျပ်တသိန်းခွဲနှင့် အလုပ်အကိုင်ပါ ရှာဖွေပေးမည့် တရားစခန်းကို လူငယ်များ စိတ်ဝင်စား


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ယောဂီကျောင်းလမ်းရှိ လှိုင်မဟာစည်သာသနာ့ရိပ်သာတွင် သုံးလ တရားစခန်းဝင်ရောက်ပြီးပါက ငွေကျပ်တသိန်းခွဲနှင့် အလုပ်အကိုင်ပါ ရှာဖွေပေးမည့်အစီအစဉ်အပေါ် လူငယ်များအကြား စိတ်ဝင်စားမှု မြင့်တက်လျက်ရှိကြောင်း သတင်းရရှိသည်။

အသက် (၃၅)နှစ်အောက် ကျန်းမာရေးကောင်းမွန်သူများ တရားအားထုတ်ရန်အတွက် ယောဂီဝတ်စုံနှင့် လိုအပ်သည်များကို ကုမ္ပဏီမှ စီစဉ်ပေးမည်ဖြစ်ပြီး သုံးလပြည့်ပြီး၍ တရားစခန်းမှထွက်ပါက ငွေကျပ် တသိန်းခွဲတိတိ ချီးမြှင့်ပေးသွားမည့်အပြင် အလုပ်လိုချင်သူများအတွက် ပညာအရည်အချင်းနှင့်အညီ အလုပ် အကိုင်ရှာဖွေပေးမည်ဖြစ်ကြောင်း land and house co,Ltd မှ သြဂုတ်လ ၇ ရက်တွင် မြန်မာ့အလင်း သတင်းစာ၌ ထည့်သွင်းဖော်ပြခဲ့ရာ အဆိုပါကြော်ငြာကို ဖတ်ရှုပြီးနောက် လူငယ်များအကြားတွင် စိတ်ဝင်စားမှု မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့ တရားဝင် ဖုန်းနှစ်လုံးပေးထားပါတယ်။ အခုအချိန်အထိ တောက်လျှောက်ဆက်ပြီး မေးနေကြပါ တယ်။ အကျင့်သီလနဲ့ပြည့်စုံတဲ့ လူငယ်တွေ ပေါ်ထွက်လာစေဖို့ ရည်ရွယ်ပြီးလုပ်တာပါ။ နယ်ကလူတွေအနေနဲ့ ဖုန်းဆက်တဲ့အခါ အဆင်မပြေမှုဖြစ်ရင် အမည်နဲ့ နေရပ်လိပ်စာကို message ပို့ထားရင် ကျွန်တော်တို့ ပြန်ပြီး ဆက်သွယ်ပေးပါ့မယ်။ လူငယ်တွေ စိတ်ဝင်တစားမေးမြန်းကြတဲ့အတွက် ကျွန်တော်ကလည်း ၀မ်းသာပါတယ်။ ငွေတသိန်းခွဲကတော့ ခရီးစရိတ် သဘောမျိုး ပြန်ပေးတဲ့သဘောပါ''ဟု အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတဦးက ပြောသည်။

ထို့ပြင် တရားစခန်းဝင်ရောက်ခွင့်ပြုမည့်အရေအတွက်နှင့်ပတ်သက်၍ မေးမြန်းရာ၌ လက်ရှိအနေအထားအရ ဖြေကြားနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

''လူဘယ်လောက် လက်ခံမယ်ဆိုတာတော့ ကျွန်တော်တို့အနေနဲ့ ပြောလို့မရသေးဘူး။ တချို့ကျတော့လည်း တရားစခန်းက ချမှတ်ထားတဲ့စည်းကမ်းတွေကို ပြောလိုက်တဲ့အခါမှာ နောက်တွန့်သွားတာ မျိုးရှိတယ်။ ဥပမာ မနက် ၃ နာရီ အိပ်ရာထရမယ်ဆိုတဲ့ကိစ္စမျိုးပေါ့''ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

တရားစခန်းဝင်ရောက်ရမည့် လှိုင်မဟာစည်သာသနာ့ရိပ်သာသည် စည်းကမ်းတင်းကျပ်သည်ဟု နာမည်ကြီး သော တရားရိပ်သာတခုဖြစ်ပြီး စည်းကမ်းမလိုက်နာသဖြင့် အိမ်ပြန်လွှတ်လိုက်ရသည့် ဖြစ်စဉ်များရှိခဲ့ဖူး ကြောင်း လှိုင်မဟာစည်ရိပ်သာမှ တာဝန်ကျဝန်ထမ်းတဦးက ပြောကြားသည်။

''အဲဒီကုမ္ပဏီက သူတို့ဝန်ထမ်းတွေကိုလည်း လစဉ်တရားစခန်းဝင်ခိုင်းတာမျိုးတွေရှိတယ်။ တရားစခန်းဝင်ရင်းနဲ့ ဥာဏ်စဉ်တက်တဲ့အပေါ် မူတည်ပြီး လစာတိုးပေးတာမျိုးတွေလည်း ရှိတယ်။ အဓိကက ဒီခေတ်မှာ လူကောင်း တွေနည်းလာတဲ့အတွက် လူကောင်းရှာတဲ့သဘောလို့ မြင်မိပါတယ်''ဟု ၎င်းက ပြောသည်။

တရားစခန်းဝင်ရောက်ချင်သော်လည်း အချိန်သုံးလမှာ များလွန်းသောကြောင့် အချိန်လျှော့ချပေးပါက လူငယ် များအတွက် ပိုမိုအဆင်ပြေနိုင်ကြောင်း မြောက်ဥက္ကလာပမြို့မှ ကိုဇော်ထူးက ပြောသည်။

''လူငယ်ဆိုတော့ စိတ်ကသိပ်မငြိမ်ချင်ဘူးဗျ။ သုံးလဆိုတော့ မနည်းရုန်းရမယ်။ သူတို့လုပ်တဲ့အစီအစဉ်ကိုတော့ သဘောကျပါတယ်။ ဒါပေမဲ့ တလလောက်နဲ့စပြီးလုပ်ရင် လူငယ်တွေအတွက် ပိုပြီးတော့ အဆင်ပြေမယ်လို့ ထင်တယ်'' ဟု အသက် (၂၉)နှစ်အရွယ်ရှိ အဆိုပါလူငယ်က ပြောသည်။

လှိုင်မဟာစည်ရိပ်သာတွင် တရားစခန်းဝင်ရောက်လိုသူများအနေဖြင့် ဆေးလိပ်၊ ဆေးတံ၊ ဆေးရွက်ကြီး၊ ကွမ်းယာ၊ စိပ်ပုတီး၊ အခြားသောစာအုပ်များ (ပရိတ်ကြီးစသည်) ရေမွှေးနံ့သာ အလှပြင်ပစ္စည်းများ၊ ရေဒီယို၊ ကက်ဆက်၊ MP3၊ MP4၊ ကင်မရာ၊ လက်ကိုင်ဖုန်းအမျိုးမျိုးနှင့် ဒစ်ဂျစ်တယ်ပစ္စည်းများအပါအ၀င် ယောဂီနှင့် မသင့်လျော်သည့် ပစ္စည်းများကို ယူဆောင်ခွင့်မရှိကြောင်း စည်းကမ်းထုတ်ပြန်ထားသည်။
Land and house ကုမ္ပဏီနှင့် ချိတ်ဆက်၍ တရားစခန်းဝင်ရောက်လိုသူများအနေဖြင့် ဖုန်း ၀၉-၂၅၂၅၈၈၄၄၀၊ ၀၉-၂၅၂၅၈၈၄၄၃ တို့သို့ ဆက်သွယ်နိုင်ကြောင်း ကုမ္ပဏီထံမှ သိရှိရသည်။

နှင်းမောင်ဦး
https://www.facebook.com/NewsWatchJournal
ငွေကျပ်တသိန်းခွဲနှင့် အလုပ်အကိုင်ပါ ရှာဖွေပေးမည့် တရားစခန်းကို လူငယ်များ စိတ်ဝင်စား  ငွေကျပ်တသိန်းခွဲနှင့် အလုပ်အကိုင်ပါ ရှာဖွေပေးမည့် တရားစခန်းကို လူငယ်များ စိတ်ဝင်စား Reviewed by THITHTOOLWIN on 11:05 Rating: 5
Powered by Blogger.