ရဲဘက်ပြေးတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိ


ရန်ကုန်၊ သြဂုတ် ၂၃

သြဂုတ်လ ၂၃ ရက် နံနက် ၄ နာရီခွဲခန့်က မင်းကုန်းရဲဘက်စခန်းမှ ထွက်ပြေးလာသော ရဲဘက်ပြေးတစ်ဦးအား သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ သတင်းအရ သွားရောက်ဖမ်းဆီးစဉ် အသာတကြည် အဖမ်းမခံဘဲ ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်နေ မိုးဒီ(ခ)မျိုးမင်းအောင် (၂၂)နှစ်သည် ရပ်ကွက်အတွင်း ကောင်းမွန်စွာနေထိုင်ခြင်းမရှိဘဲ အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်စေအောင် မူးယစ်ရမ်းကားခြင်း၊ ဒုစရိုက်မှုကျူးလွန်တတ်သူများနှင့် ပေါင်းသင်းသွားလာခြင်းတို့ကြောင့် ၂၀၁၃ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က သင်္ဃန်းကျွန်းမြို့မရဲစခန်းမှခြေချုပ်နှင့် ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ) ဖြင့်အရေးယူခဲ့ရာ ခြေချုပ်ဖြင့် နေထိုင်စဉ် ကာလအတွင်း ကောင်းမွန်စွာနေထိုင်ခြင်းမရှိသဖြင့် ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့မရဲစခန်း(ပ)၄၉၈/၂၀၁၃၊ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၃၀(၁)(က) ဖြင့် ထောင်ဒဏ် ၆ လ ဖြင့်လည်းကောင်း၊ ၂၀၁၄ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့မရဲစခန်း(ပ) ၂၁၃ /၂၀၁၄၊ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ ပုဒ်မ ၃၀(၁)(ခ)ဖြင့် ထောင်ဒဏ် ၁ နှစ်ဖြင့်လည်းကောင်း၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် (ပ)၆၂၈/၂၀၁၅၊ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေ ပုဒ်မ ၃၀(၁)(ဂ)ဖြင့် ထောင်ဒဏ် ၂ နှစ်ဖြင့်လည်းကောင်းကျခံခဲ့ပြီး မင်းကုန်းရဲဘက်စခန်းတွင် ပြစ်ဒဏ်ကျခံနေသော ရဲဘက်တစ်ဦးဖြစ်သည်။

ဇွန်လ ၂၉ ရက်နေ့က မိုးဒီ(ခ)မျိုးမင်းအောင်မှာ မင်းကုန်းရဲဘက်စခန်းမှ ထွက်ပြေးတိမ်းရှောင်လာပြီး ၎င်းနေထိုင်ရာ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်နှင့် အခြားရပ်ကွက်များသို့ မကြာခဏလာရောက်ကာ ဓားကိုင်ရမ်းကားခြင်း၊ မိုက်ကြေးခွဲခြင်း၊ ဓားဖြင့်ခြိမ်းခြောက်ခြင်းများပြုလုပ်နေသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး 199 Call Canter သို့ဆက်သွယ်သတင်းပို့သဖြင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ လှည့်ကင်းတာဝန်ဆောင်ရွက်နေသော နယ်ထိန်းရဲတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေဖမ်းဆီးရာ မိုးဒီ(ခ)မျိုးမင်းအောင်အား စံပြဈေးအနီး၌တွေ့ရှိပြီး အသာတကြည်အဖမ်းမခံဘဲ အရိုးအသွား ၂၈ လက်မခန့်ရှိ ငှက်ကြီးတောင်ဓားဖြင့် ရဲတပ်ဖွဲ့ဝင်များအား ၀င်ရောက်ခုတ်သဖြင့် Pump Action ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၎င်း၏ ၀ဲဘက်တင်ပါးကို ထိမှန်ကာ ပေါက်ပြဲဒဏ်ရာ(၂)ချက် ရရှိပြီး ဖမ်းဆီးရမိခဲ့ပါသည်။

ရဲဘက်ပြေး မိုးဒီ(ခ)မျိုးမင်းအောင်အား သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)နှင့် ရာဇသတ်ကြီးပုဒ်မ ၃၅၃ တို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice
ရဲဘက်ပြေးတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိ  ရဲဘက်ပြေးတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 10:47 Rating: 5
Powered by Blogger.