ရေဘေးသင့် ဒေသများ၌ မြွေအန္တရာယ် သွေးလွန်တုပ်ကွေးရောဂါ ကာလဝမ်းရောဂါ အန္တရာယ်နှင့် သောက်သုံးရေ ရှားပါးမှု ပြဿနာရပ်များ အဓိက ရင်ဆိုင်နေရ


ပွင့်ဖြူ သြဂုတ် ၈

ရေဘေးသင့်ဒေသများ၌ မြွေအန္တရာယ်၊ သွေးလွန်တုပ်ကွေးရောဂါ၊ ကာလဝမ်းရောဂါ အန္တရာယ်နှင့် သောက်သုံးရေ ရှားပါး မှု ပြဿနာများကို အဓိက ရင်ဆိုင်နေရပြီး သန့်စင်သော သောက်သုံးရေရရှိရန် ပို၍လိုအပ်လျက် ရှိကြောင်း ဒေသခံ များနှင့် ကယ်ဆယ်ရေး လုပ်ငန်း လုပ်ဆောင်နေသူများထံမှ သိရသည်။

''တချို့ကျေးရွာတွေမှာ သောက်သုံးရေ ပြတ်လပ်တဲ့အထိ ဖြစ်နေပြီ။ မြစ်ရေတွေက နောက်ကျိနေတော့ သုံးမရဘူး။ နောက်ပြီး စပါးပင်တွေ ရေဖုံးလွှမ်းခံရတော့ ရေကအနံ့ထွက်နေပြီ။ ဒါကြောင့် ရေဘေးသင့်ဒေသတွေမှာ သောက်သုံးရေ လိုအပ်ချက်က အဓိကပြဿနာဖြစ်နေတယ်'' ဟု ပွင့်ဖြူမြို့နယ်အတွင်းရှိ ရေဘေးသင့် ကျေးရွာများ၌ ကယ်ဆယ်ရေး ပစ္စည်းများ ပေးဝေနေသော ပွင့်ဖြူမြို့နယ် ဖွံ့ဖြိုးရေး ကွန်ရက် ဒုတိယဥက္ကဋ္ဌ ဆရာတော်ဦးကုမုဒြက မိန့်ကြားသည်။

ရေဘေးသင့်ဒေသများ၌ မြွေအန္တရာယ်မှာ အဓိကခြိမ်းခြောက်မှု ပြဿနာဖြစ်သောကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဒေသတွင်း ရေဘေးသင့် ကျေးရွာများ၌ မြွေအန္တရာယ် သတိရှိရေး ပညာပေး လုပ်ဆောင်နေသော်လည်း ကယ်ဆယ်ရေးနှင့် ဆေးကုသရေး အဖွဲ့များတွင် မြွေဆိပ်ဖြေဆေးများ အလုံအလောက် ထားရှိစေလိုကြောင်း ပွင့်ဖြူမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်း၌ ခိုလှုံနေသော ရေဘေးသင့် ပြည်သူတစ်ဦးက ပြောသည်။

တချို့ဒေသများ၌ ရေအနည်းငယ် ပြန်ကျသွားသော်လည်း ခြင်ပေါက်ပွားမှုများလာသဖြင့် သွေးလွန် တုပ်ကွေး ရောဂါ အန္တရာယ် ကို ဂရုစိုက်ရန် လိုအပ်သကဲ့သို့ ရေမသန့်ရှင်းသဖြင့် ကာလဝမ်းရောဂါ ဖြစ်ပွားမည်ကို စိုးရိမ်ရသောကြောင့် ကျန်းမာရေး စောင့်ရှောက်မှု အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် လိုအပ်လျက် ရှိကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုအန္တရာယ်၊ ရုတ်တရက် ရေလွှမ်းမိုးမှုနှင့် မိုးကြိုးအန္တရာယ်၊ မြေပြိုမှု၊ လျှပ်စစ် အန္တရာယ်နှင့် ထိခိုက်မှုအန္တရာယ်၊ မြွေအန္တရာယ်နှင့် အအေးမိ၍ ဖျားနာခြင်း၊အဆုတ်ရောင်ခြင်း၊ ကူးစက်နိုင်သော ဝမ်းပျက် ဝမ်းလျှောရောဂါ၊ အစာအဆိပ်သင့် ရောဂါနှင့် တခြားကျန်းမာရေး ပြဿနာများ ဖြစ်ပွားတတ်သဖြင့် ကျိုချက်ထားသောရေ သို့မဟုတ် ကလိုရင်းခတ်ထားသော ရေကိုသာ သောက်သုံးသင့်ပြီး ရက်လွန် အစားအစာများနှင့် လတ်ဆတ်မှုမရှိသော အစားအစာများ၊ သန့်ရှင်းမှု မရှိသော အစားအစာများနှင့် အမှည့်လွန်အသီးများ စားသုံးခြင်းမှ ရှောင်ကြဉ်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတိပေးထားသည်။

ဇူလိုင်လမှစတင်၍ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ သြဂုတ် ၈ ရက် စာရင်းများ အရ ရေဘေး သင့်ပြည်သူဦးရေ ၃၅၈ဝဝဝ ကျော်ရှိလာပြီဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia
ရေဘေးသင့် ဒေသများ၌ မြွေအန္တရာယ် သွေးလွန်တုပ်ကွေးရောဂါ ကာလဝမ်းရောဂါ အန္တရာယ်နှင့် သောက်သုံးရေ ရှားပါးမှု ပြဿနာရပ်များ အဓိက ရင်ဆိုင်နေရ  ရေဘေးသင့် ဒေသများ၌ မြွေအန္တရာယ် သွေးလွန်တုပ်ကွေးရောဂါ ကာလဝမ်းရောဂါ အန္တရာယ်နှင့် သောက်သုံးရေ ရှားပါးမှု ပြဿနာရပ်များ အဓိက ရင်ဆိုင်နေရ Reviewed by THITHTOOLWIN on 10:30 Rating: 5
Powered by Blogger.