ဗုံးဖောက်ခွဲမှုများအားဖော်နိုင်ရေးအတွက် ဖုန်းခြေရာခံခြင်းပြုလုပ်ပေးရန် ထိုင်းက မလေးရှားထံ အကူအညီတောင်းခံ

ထိုင်းနိုင်ငံတွင် သြဂုတ် ၁၂ ရက်ကဖြစ်ပွားခဲ့သောဗုံးပေါက်ကွဲမှုမြင်ကွင်း အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    ကွာလာလမ်ပူ ၊ သြဂုတ် ၁၄ရက်(ဆင်ဟွာ)

    ထိုင်းနိုင်ငံ၌ သြဂုတ်လ ၁၁ ရက် နှင့် ၁၂ ရက်များတွင်ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများ၏ တရားခံကိုဖမ်းဆီးနိုင်ရေးအတွက် ဖုန်းခေါ်ဆိုမှုများကို ခြေရာခံစုံစမ်းနိုင်ရန် မလေးရှားနိုင်ငံက ကူညီပေးစေလိုကြောင်း ထိုင်းနိုင်ငံလုံခြုံရေးတပ်ဖွဲ့ ဝင်များက တောင်းဆိုလိုက်ကြောင်း Bernama သတင်းဌာနက သြဂုတ် ၁၄ ရက်တွင် ရေးသားဖော်ပြလိုက်သည်။

စုံစမ်းစစ်ဆေးချက်များအရ ဗုံးပေါက်ကွဲမှုသည် မလေးရှားနိုင်ငံ နှင့်ဆက်နွယ်မှုရှိကြောင်း ၊ ဖူးခတ်ပြည်နယ်တွင် ပေါက်ကွဲခဲ့သော ဗုံးမှာ ဖုန်းဖြင့် အဝေးမှထိန်း၍ ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ၄င်းဖုန်းသည် မလေးရှားနိုင်ငံ ဆက်သွယ်ရေး နှင့် မာတီမီဒီယာကော်မရှင်မှ ထုတ်လုပ်ဖြန့် ချိထားသော နံပတ်စဉ်များဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖုန်း၏ မူလပိုင်ရှင်ကို ဖော်ထုတ်ပေးရန် မလေးရှားလုံခြုံရေးတပ်ဖွဲ့ ဝင်များအား ထိုင်းထောက်လှမ်းရေးသမားများက တောင်းဆိုထားကြောင်း Bernama သတင်းတွင်ဖော်ပြထားသည်။

၎င်းဖုန်းများကို ဗုံးဖောက်ခွဲရာတွင် အဝေးထိန်းခလုတ်အဖြစ်အသုံးပြု၍ ထိုင်းနိုင်ငံ ဖူးခတ် နှင့် ဟွာဟင်းတို့ ၌ ကြိမ်ဖန်များစွာ ဖောက်ခွဲမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။အဆိုပါ ဖောက်ခွဲမှုများကြောင့် အနည်းဆုံး လူလေးဦးသေဆုံးပြီး ၃ဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။

သို့ သော်ဖုန်းခြေရာခံ၍ တရားခံအားဖော်ထုတ်ရန် မလွယ်ကူကြောင်း ၊ အဘယ်ကြောင့်ဆိုသော် ၄င်းလက်ကိုင်ဖုန်းကို ပိုင်ရှင်များစွာ လက်လွှဲအသုံးပြုခဲ့၍ ဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ပြောသည်။

အကြမ်းဖက်ဝါဒ ဆက်စပ်မှုများကို ထိုင်းနိုင်ငံဗုံးခွဲမှုများတွင် မတွေ့ ရသော်လည်း အာဆီယံနိုင်ငံများအကြား ထောက်လှမ်းရေးသတင်းစုဆောင်းခြင်း နှင့် သတင်းဖလှယ်ခြင်းများကို ပြုလုပ်ရန် အလွန်အရေးကြီးကြောင်းကို ယခုဖြစ်ရပ်က ပြသနေသည်ဟု သတင်းများက ဆိုသည်။

မလေးရှားနိုင်ငံဒုတိယဝန်ကြီးချုပ် Ahmad Zahid Hamidi က ပြီးခဲ့သော ရက်သတ္တပတ်တွင် မလေးရှား၊အင်ဒိုနီးရှား နှင့် စင်ကာပူနိုင်ငံများအကြား ထောက်လှမ်းရေးသတင်းများ အချင်းချင်းဖလှယ်နိုင်ခဲ့ခြင်းကြောင့် စင်ကာပူနိုင်ငံ မာရီနာပင်လယ်ကမ်းခြေအား ဒုံးကျည်ဖြင့် ပစ်ခတ်မည့်အန္တရာယ်ကို အချိန်မီတားဆီးနိုင်ခဲ့ကြောင်းပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်ကိုမူ  ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်းသိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဗုံးဖောက်ခွဲမှုများအားဖော်နိုင်ရေးအတွက် ဖုန်းခြေရာခံခြင်းပြုလုပ်ပေးရန် ထိုင်းက မလေးရှားထံ အကူအညီတောင်းခံ  ဗုံးဖောက်ခွဲမှုများအားဖော်နိုင်ရေးအတွက် ဖုန်းခြေရာခံခြင်းပြုလုပ်ပေးရန် ထိုင်းက မလေးရှားထံ အကူအညီတောင်းခံ Reviewed by THITHTOOLWIN on 18:25 Rating: 5
Powered by Blogger.