ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးကျင်းပ


နေပြည်တော် သြဂုတ် ၈

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးကို သြဂုတ်လ ၃၁ ရက် နေ့တွင် စတင် ကျင်းပသွားမည် ဖြစ်ကြောင်း၊ အစကောင်းမှ အနှောင်းသေချာ ဆိုသလို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အစိုးရပိုင်းမှ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် ဗဟိုကော်မတီဝင်များက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ လုပ်ငန်း ကော်မတီဝင်များက လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်သွားမည့် အစီအစဉ် များကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က တင်ပြချက်များအပေါ် ပြန်လည် ဆွေးနွေး ပြောကြားပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီကို သြဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ်(၅၇/၂၀၁၆) ဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဌအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယဥက္ကဌအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဗဟိုကော်မတီဝင်များအဖြစ် ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ အတွင်းရေးမှူးအဖြစ် ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ တွဲဖက်အတွင်းရေးမှူးများအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်သန်းသင်းတို့ ပါဝင်ဖွဲ့စည်းထားသည်။


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီအောက်တွင် လုပ်ငန်းကော်မတီများကိုလည်း သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင် ဖွဲ့စည်းထားသည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးကျင်းပ  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးကျင်းပ Reviewed by THITHTOOLWIN on 17:30 Rating: 5
Powered by Blogger.