စိတ်မမှန်သူ လူတစ်ဦးကို အေအေဆိုပြီး စစ်သားအချို့က ဖမ်းဆီးနှိပ်စက်ခဲ့ဟုဆို


နိရဉ္စရာ၊ သြဂုတ် ၂၉

စိတ်မမှန်သူ အသက် (၃၀) အရွယ် အရပ်သား တစ်ဦးကို အေအေဟု ဆိုကာ ဘူသီးတောင် အခြေစိုက် ခမရ ၅၃၅ စစ်တပ်က ဖမ်းဆီးနှိပ်စက်သဖြင့် မျက်လုံး တစ်ဘက်နှင့် နားရွက်တို့တွင် ဒဏ်ရာများ ရရှိခဲ့သည်ဟု မြောက်ဦးမြို့ လက်ဆည်ကန် ဘက ကျောင်းဆရာတော် ဦးသောဘိတမှ နိရဉ္စရာ သတင်း ဌာနသို့ ဖုန်းဖြင့် ဆက်သွယ်ပြောကြားသည်။

၎င်း အသက် (၃၀) အရွယ် စိတ်မမှန်သူမှာ ဦးဆန်းရွှေဖြစ်ပြီး မိဘမရှိ တစ်ကောင်ကြွက် ဖြစ်ကာ စိတ်မမှန်ဘဲ နေရာ အနှံ့အပြားကို လျှောက်သွားနေသူ တစ်ဦး ဖြစ်ကြောင်း ဆရာတော်က ပြောပြသည်။

ထိုသို့ လျှောက်သွားနေစဉ် ဘူးသီးတောင်မြို့နယ် စိုင်းတင်ရေတံခွန်ဘက်သို့ ရောက်ရှိသွားပြီး ယင်းမှ ပြန်အလာ သြဂုတ် ၂၆ ရက်နေ့တွင် ခမရ ၅၃၅ မှ စစ်သား အချို့မှ ဖမ်းဆီးပြီး နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆရာတော်မှ ဆက်လက် ပြောဆိုသည်။

ထိုသို့ ဖမ်းဆီးပြီးနောက် ဘူးသီးတောင်မြို့နယ် စိုင်းတင်ရဲစခန်းသို့ လွဲပြောင်းပေးအပ်ခဲ့သည်ဟု ပြောဆိုသည်။

“ ရဲစခန်းက စိတ်မမှန်တဲ့သူဆိုတာကို သိတဲ့ အတွက် ဦးဇင်းကို လာယူဖို့ အကြောင်းကြားတာကြောင့် ဦးဇင်း အဲဒီရဲစခန်းကို သွားပြီး ဒီလ ၂၈ ရက် မနေ့က ဦးဆန်းရွှေကို ပြန်ခေါ်ခဲ့ပါတယ်။ စခန်းမှူးကလည်း ဦးဇင်းကို အထူးတောင်းပန်ပါတယ်။ သူတို့လုပ်တာ မဟုတ်ကြောင်းနဲ့ ဒီလို လုပ်ပြီး သူတို့ဆီကို လွဲအပ် ခဲ့တဲ့ အတွက် သူတို့ခေါင်းပေါ်ကျရတာ ဖြစ်တယ်လို့ ရှင်းပြတယ်။ အဲဒီစခန်းမှူးက နာဂ တိုင်းရင်းသားလို့ ဦးဇင်းကို ပြောပါတယ်။ ပြောင်းရခါနီးချိန်မှာ ဒီလို ဖြစ်တဲ့ အတွက် စိုးရိမ်ပြီ ဦးဇင်းကို တောင်းပန်ပါတယ်” ဟု ဆရာတော် ဦးသောဘိတမှ ပြောကြားသည်။

ယခုအခါ ဦးဆန်းရွှေမှာ မြောက်ဦးမြို့ လက်ဆည်ကန် ဘက ကျောင်းသို့ ရောက်ရှိနေပြီး ဆေးကုသ နေရကြောင်း၊ မျက်လုံးမှာ နီရဲနေကြောင်း၊ ဆေးခန်းပြရန် စီစဉ်နေကြောင်း ဆရာတော်က ပြောသည်။

ဦးဆန်းရွှေမှာ ဆရာတော် ဇာတိရွာ ရသေ့တောင်မြို့နယ် မုဆိုးချောင်းရွာမှ ဖြစ်ကြောင်း သိရသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ဥာဏ်ရည်မမှီ စိတ်မမှန်သူ လူတစ်ဦးအား ညှဉ်းပမ်းနှိပ်စက်မှုမျိုးမှာ မပြုလုပ်သင့်ကြောင်း၊ အထက်အရာရှိများ အနေဖြင့် စစ်ဆေးအရေးယူပေးရန် လိုလားကြောင်း ဆရာတော် သောဘိတ ပြောဆိုသည်။

နိရဉ္စရာ သတင်းဌာန အနေဖြင့် စစ်တပ်ဘက်မှ ဖြေဆို ပြောကြားမည့်သူ မရှိသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

Narinjara
https://www.facebook.com/Narinjara
စိတ်မမှန်သူ လူတစ်ဦးကို အေအေဆိုပြီး စစ်သားအချို့က ဖမ်းဆီးနှိပ်စက်ခဲ့ဟုဆို  စိတ်မမှန်သူ လူတစ်ဦးကို အေအေဆိုပြီး စစ်သားအချို့က ဖမ်းဆီးနှိပ်စက်ခဲ့ဟုဆို Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.