သမ္မတဦးထင်ကျော် အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ တွေ့ဆုံနှုတ်ဆက်

သမ္မတဦးထင်ကျော် အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ တွေ့ဆုံနှုတ်ဆက်
အိန္ဒိယနိုင်ငံကို ၄ ရက်ကြာ အလည်အပတ်ခရီးအဖြစ် ရောက်နေတဲ့ မြန်မာသမ္မတ ဦးထင်ကျော်ဟာ ဒီကနေ့မှာတော့ အိန္ဒိယအစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ နယူးဒေလီမြို့တော်မှာ တွေ့ဆုံပြီး ၂ နိုင်ငံအရေး ဆွေးနွေးကြပါတယ်။

သမ္မတတာဝန်ယူပြီးနောက် ပထမဆုံး အကြိမ်အဖြစ် အိန္ဒိယနိုင်ငံကို နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ သမ္မတ ဦးထင်ကျော်ကိုတော့ အိန္ဒိယသမ္မတ Pranab Mukherjee က နယူးဒေလီ မြို့တော်က သမ္မတနန်းတော်မှာ ဒီကနေ့ပဲ အခမ်းအနားနဲ့ ကြိုဆိုခဲ့တာပါ။ ဒီနောက်မှာတော့ နယူးဒေလီမြို့မှာပဲ အိန္ဒိယ၀န်ကြီးချုပ် Narendra Modiနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အိန္ဒိယ-မြန်မာ ခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှုတွေအတွင်း ၂ နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေအပြင်၊ မိုင်ပေါင်းတထောင်လောက်ရှိပြီး လက်နက်ကိုင် သူပုန်တွေ မကြာခန လှုပ်ရှားလေ့ရှိတဲ့ ၂ နိုင်ငံ နယ်စပ်တလျှောက် လုံခြုံရေး တိုးမြှင့်ဖို့ ကိစ္စကိုလည်း ဆွေးနွေးဖွယ် ရှိတယ်လို့ အိန္ဒိယနိုင်ငံကလာတဲ့ သတင်းတွေက ဖော်ပြကြပါတယ်။

၎ ရက်ကြာခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ သမ္မတဦးထင်ကျော်နဲ့ ဇနီးတို့ဟာ ဒီကနေ့မှာပဲ နယူးဒေလီမြို့မှာရှိတဲ့ မဟတ္တမဂန္ဒီ အထိမ်းအမှတ် ဂူဗိမ္မာန်ကိုလည်း သွားရောက်ဂါရ၀ပြုခဲ့တာပါ။ ခရီးစဉ်အစ စနေနေ့မှာတုန်းကတော့ သမ္မတ ဦးထင်ကျော်နဲ့ ဇနီးဖြစ်သူ ဒေါ်စုစုလွင်တို့ဟာ အိန္ဒိယနိုင်ငံအရှေ့ပိုင်းက ဗုဒ္ဓဂယာကို သွားရောက်ခဲ့သလို၊ တနင်္ဂနွေနေ့မှာတော့ အိန္ဒိယနိုင်ငံမြောက်ပိုင်း Agra မြို့က ကမ္ဘာကျော် တပ်ဂ်ျမဟာ အဆောက်အအုံကိုလည်း သွားရောက်လည်ပတ်ခဲ့ကြပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
သမ္မတဦးထင်ကျော် အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ တွေ့ဆုံနှုတ်ဆက် သမ္မတဦးထင်ကျော် အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ တွေ့ဆုံနှုတ်ဆက် Reviewed by THITHTOOLWIN on 17:38 Rating: 5
Powered by Blogger.