မန္တလေးမြို့အနီး စိတ်ဝင်စားဖွယ်ရာ ငါးရံ့မင်းရုပ်တုများစွာရှိသော တောင်တော်


မန္တလေးမြို့သို့လာရောက်လည်ပတ်သော နိုင်ငံတကာခရီးသွားများနှင့် ပြည်တွင်းဘုရားဖူးများသည် ရန်ကင်းတောင်သို့ သွားရောက် ဘုရားဖူးလေ့ရှိသည်။ ရန်ကင်းတောင်တော်သည် စိတ်ဝင်စားဖွယ်ရာသမိုင်းနှင့်အတူ ထူးဆန်းသော သဘာဝငါးရံ့မင်းလိုဏ်ဂူရှိသည်။ ရန်ကင်းတောင်တော်သည် အမြင့်ပေ ၆ဝ၄ ပေ၊ အလျား ၆၆ဝ၆ ပေ တောင်တော်တောင် ဘက်လှေကား ၅၆၅ ထစ်နှင့် မြောက်ဘက်လှေကား ၄၂၉ ထစ်ရှိကြောင်း သိရသည်။

ရန်ကင်းတောင်တွင် စိတ်ဝင်စားစရာကောင်းပြီး ထင်ရှားသည်မှာ သဘာဝငါးရံ့မင်းလှိုဏ်ဂူနှင့် ငါးရံ့မင်းရုပ်တုများပင်ဖြစ်သည်။ ငါးရံ့မင်းလှိုဏ်ဂူတွင်း အနက်ပေ ၅ဝ ရှိပြီး တောင်ဘက်လှေကား ၇၂ ထစ်နှင့် မြောက်ဘက်လှေကား ၇၂ ထစ်ရှိသည်။ ရန်ကင်းတောင်တော်သည် ငါးရံ့မင်းရုပ်တုနှင့် တွဲဖက်ထင်ရှားသည်။ တောင်တော်သမိုင်းတွင် မင်းရှင်စော ဗိုလ်တက်မြို့စိုးစံစဉ် မိုးခေါင်မှုကြောင့် ဆရာတော်များ၏လမ်းညွှန်ချက်နှင့်အညီ ငါးရံ့မင်းရုပ်တုကို ထုလုပ်ပူဇော်ကာ မင်းနှင့်ပြည်သူများက ရေစင်သွန်းဖျန်းပူဇော်ပြီး ဆရာတော်၊ သံဃာတော်များကလည်း ငါးရံ့မင်းပရိတ်တော်ကို ရွတ်ဖတ်ပူဇော်ခဲ့သည့်အတွက် မိုးရွာကာ စိုက်ပျိုးမှုကောင်းမွန်ခဲ့သည်။

ထိုရုပ်တုကို ပူဇော်မှုများစွာပြု၍ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် တောတောင်ထူပြောလာကာ မှက်၊ ခြင်၊ယင်ဒဏ်ကြောင့် ရောဂါထူမှုလည်းကြုံကာ ပြည်သူများ ဖျားနာမှုများဖြစ်ခဲ့ရသည်။ သို့အတွက် ဆရာတော်များ၏လမ်းညွှန်ချက်အတိုင်း အောင်ပင်လယ်ကန်ဦးတောင်ထိပ်ရှိ သဘာဝကျောက်လိုဏ်ဂူအတွင်းပို့ဆောင်ကာ အဝေးမှပင်မိုးခေါင်သည့်အခါမှသာ အခါအားလျော်စွာ ပူဇော်သည့်အတွက် မြို့တော်တွင် အနာရောဂါနှင့် ဖျားနာခြင်းကင်းသည့်အတွက် ငါးရံ့မင်းရုပ်တုထားရှိပူဇော်ရာတောင်ကို ရန်ကင်းတောင်ဟုခေါ်ဆိုကြောင်း သိရသည်။

ရန်ကင်းတောင်တော်တွင် ချမ်းသာရစေတီ၊ သဘာဝငါးရံ့မင်းလိုဏ်ဂူ၊ ငါးရံ့မင်းရုပ်တု၊ ဆုတောင်းပြည့်စေတီ၊ဆုတောင်းရစေတီ၊ လွမ်းစေတီများကို ဖူးမြော်နိုင်သည်။ ထို့အပြင် သမင်ကလေးများကို အစာကျွေးကုသိုလ်ပြုနိုင်သည်။ တောင်တော်ကို သူတော်ကောင်းတို့ပျော်စံရာ၊ တရားကျင့်ရာတောင်ဟုလည်း ဆိုကြသည်။ တောင်တော်ပေါ်တွင် ဂူကြီးကိုးဂူကို လေ့လာနိုင်သည်။ ထိုဂူများမှာ ဖားဂူ၊ ဂူသစ်၊ အောင်သဒ္ဓိဂူ၊ ဓမ္မသိဒ္ဓိဂူ၊ ငါးရံ့မင်းဂူ၊ နတ်နဂါးဂူ၊ အောင်ဗုဒ္ဓဂူ၊ ဝင်္ကဘာဂူ၊ ဝိဇ္ဇာညီနောင်ဂူတို့ပင်ဖြစ်သည်။ ရန်ကင်းတောင်ရောက် နိုင်ငံတကာခရီးသွားဧည့်သည်များသည် ထူးဆန်းလှ သည့် ငါးရံ့မင်းသဘာဝလိုဏ်ဂူနှင့် အခြားဂူများကို စိတ်ဝင်စားသည်။ မန္တလေးမြို့အနီးတွင် ရန်ကင်းတောင်တော်ကို သံသွန်းငါးရံ့မင်းရုပ်တုများတည်ရှိရာ တောင်တော်အဖြစ် ထင်ရှားသည်။

တိမ်တမန်
The Mirror Daily
https://www.facebook.com/TheMirrorDaily
မန္တလေးမြို့အနီး စိတ်ဝင်စားဖွယ်ရာ ငါးရံ့မင်းရုပ်တုများစွာရှိသော တောင်တော်  မန္တလေးမြို့အနီး စိတ်ဝင်စားဖွယ်ရာ ငါးရံ့မင်းရုပ်တုများစွာရှိသော တောင်တော် Reviewed by THITHTOOLWIN on 09:04 Rating: 5
Powered by Blogger.