ဝယ်ကြမလား တန်ဖိုးနည်းအိမ်ရာ


|| မိမိသန့် ||

“တကယ်တန်ဖိုးနည်းတဲ့ တန်ဖိုးနည်းအိမ်ရာတွေရမယ်၊

မဲနှိုက်ဖို့မလိုဘူး ။ တန်းစီမစောင့်ရဘူး ။

ဦးရာလူစနစ်နဲ့ ချက်ချင်းဝယ်လို့ရပါပြီ”

ရပ်ကွက်ထဲ ထူးထူးခြားခြား အော်သံကြောင့် အထပ်မြင့် တိုက်ခန်းနေသူများ ၀ရန်တာ ထွက်ကြည့်ကြသည်။ အော်နေသူကိုတွေ့တော့ အားလုံး ပြိုင်တူပြုံးလိုက်ကြပြီး တိုက်ခန်းထဲပြန် ၀င်သွားကြသည်။

အသက် ၇၀ ကျော်အရွယ် အဘိုးအိုတစ်ဦး သုံးထပ်သားပြားလေးများနှင့် ဆောက်လုပ်ထားသည့် စာကလေးအိမ်ကလေးများကို ထမ်းပိုးလျက် တိုက်ခန်းများကို မောကြည့်ကာ အော်နေခြင်းဖြစ်သည်။

အသားညိုညို ပိန်ပိန်ပါးပါး၊ ခပ်ညစ်ညစ်အရောင် အင်္ကျီဝတ်ထားပြီး စာကလေးအိမ်လေးများကို ထမ်းပိုးဖြင့် ထမ်းလျက် အရပ်လည်ရောင်းနေသူမှာ အဘဦးလှသွင်ဖြစ်သည်။

လူနေထူထပ်လာခြင်းနှင့် နေထိုင်စရိတ် မြင့်တက်လာခြင်းများကြောင့် အစိုးရက တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို အကောင်အထည် ဖော်ခဲ့ကြသည်။ ယင်းစီမံကိန်းသည် ရန်ကုန်မြို့နေပြည်သူများအတွက် စိတ်ဝင်စားမှုအရှိဆုံး ဖြစ်နေချိန်တွင် စာကလေးအိမ်ရောင်းသူ ဦးလှသွင်က ယင်းအချက်ကို အသုံးချလျက် ၀ယ်သူစိတ်ဝင်စားအောင် အော်ရောင်း လိုက်ခြင်းပင်။

အစိုးရက ရောင်းချပေးသည့် တန်ဖိုးနည်းအိမ်ရာဈေးနှုန်းသည် သိန်းတစ်ရာဝန်ကျင်အထိ ဈေးပေါက်သော်လည်း သူ၏ တန်ဖိုးနည်း စာကလေးအိမ်များကတော့ အနည်းဆုံး မြန်မာငွေ ၁,၂၀၀ ကျပ်မှ ၃,၀၀၀ ကျပ်အထိသာ ရှိသည်ဟု ဆိုသည်။

“ဟုတ်တယ်လေ။ အစိုးရပေးတဲ့ တန်ဖိုးနည်းအိမ်ရာက နည်းမှမနည်းတာ၊ အဘ စာကလေးအိမ်ကမှ တကယ်တန်ဖိုးနည်းတာ၊ ဘယ်လောက်မှမရှိဘူး” ဟု ရယ်ရမ်းသွေးလျက် ပြောသည်။ စာကလေးအိမ်များများဝယ်လှူမှ တန်ဖိုးနည်းအိမ်ရာမှာ နေရဖို့သေချာမှာပေါ့ဟု ၄င်းကဆိုသည်။

အဘဦးလှသွင်အနေဖြင့် တန်ဖိုးနည်းအိမ်ရာအကြောင်းပြုပြီး စာကလေးအိမ်များ ရောင်းချနေရသော်လည်း တန်ဖိုးမနည်းသည့် တန်ဖိုးနည်း အိမ်ရာအကြောင်းကို အသိမိတ်ဆွေမျာ ပြောပြသဖြင့် ကြားရုံပင်ကြားဖူးသည်၊ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လျှောက်ထားခြင်းလည်းမရှိ၊ တန်းစီစောင့်ရခြင်း ၊ မဲနှိုက်ရခြင်းစသည့် အကြောင်းချက်များကိုလည်း ဈေးဝယ်သူတစ်ဦးက သင်ပေးထား၍ လိုက်အော်နေခြင်းသာ ဖြစ်သည်ဟု ၄င်းကဆိုသည်။

စာကလေးအိမ်ရောင်းသူ အဘဦးလှသွင်၏ ရည်မှန်းချက်ကတော့ ကြီးမားလှပါသည်။ စာကလေးများအတွက် နေရာထိုင်ခင်းစီစဉ်ပေးလျှင် နောင်ဘ၀တွင် ဇိမ်ကျကျနေနိုင်မည်၊ အခုဘ၀တွင်မက နောင်ဘ၀အတွက်ပါ အမြတ်ကျန်မည့်သူများ ဖြစ်သည်ဟု ၄င်းက ယုံကြည်မှတ်ယူထားသည်။

မြန်မာနိုင်ငံတွင် ရာသီဥတု ပြောင်းလဲလာခြင်းကြောင့် အပူလွန်ကဲခြင်း၊ မိုးရွာလွန်းခြင်း ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။ အထူးသဖြင့် မြို့ကြီးပြကြီးများတွင် သစ်ပင်ကြီးများ ခုတ်လှဲခြင်း၊ ငှက်များကို ပစ်ခတ်ဖမ်းဆီး စားသောက်သူ များလာခြင်းကြောင့် စာကလေးငှက်တို့၏ လုံခြုံရေးကိုထိခိုက်လာသည်။ သစ်ပင်ခုတ်လှဲခြင်းသည် သဘာဝပတ်ဝန်းကျင် ပြောင်းလဲခြင်းကို ထိခိုက်စေရုံသာမက ငှက်မိသားစု ထောင်ပေါင်းများစွာကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သည်။

သမ္မာအာဇီဝဖြင့် စီးပွားရှာခြင်းလုပ်ငန်းတွင် သစ်ပင်ခုတ်လှဲရောင်းချခြင်းမပါဟု ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားထားခဲ့သည်။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းဟူသော ဆိုရိုးစကားအရ သစ်ပင်များမရှိသည့် လူနေထူထပ်သည့် မြို့လယ်ကောင်ရပ်ကွက်များတွင် စာကလေးငှက်တို့အတွက် ခိုကိုးရာမဲ့ဖြစ်လာသည်။ တိရစ္ဆာန်တို့၏သဘာဝ ကြီးနိုင်ငယ်ညှဉ်း ကိစ္စများကြောင့်လည်း ဝေးလံသောတောအရပ်သို့ ပြောင်းရွှေ့သွားရောက်ရန်လည်း မဖြစ်နိုင်။ အစရှိသော စာကလေးငှက်တို့၏ ပူပင်စရာ အကြောင်းခြင်းရာများကြောင့်ပင် စာငှက်လေးများ နေထိုင်ရေး စိတ်အေးရအောင် စာကလေးအိမ်ရောင်းသည့် အလုပ်ကို လုပ်ခဲ့သည်ဟု ဦးလှသွင်က ၀န်ခံပြောဆိုသည်။

“နောင်ဘ၀မှာ အေးအေးဆေးဆေး ဇိမ်ကျကျနဲ့ နေချင်လို့ အခုဘ၀မှာလည်း စိတ်ချမ်းသာချင်လို့၊ ကိုယ့်အတွက်လည်း အမြတ်ကျန်အောင် စာကလေးအိမ်ရောင်းတာ။ ငှက်သေးသေးလေးတွေဖြစ်တော့ ကျီးတွေ၊ စွန်တွေကလည်း တိုက်ခိုက်ကြတယ်။ ငှက်တွေမှာလည်း စည်းတားထားတဲ့ ကိုယ့်နယ်မြေနဲ့ကိုယ် ရှိကြတယ်။ အဘကတော့ သူတို့လေးတွေအတွက် စိတ်အေးချမ်းချင်တာပါ” ဟု သဘာဝပတ်ဝန်းကျင်ကို ချစ်သည့် ဦးလှသွင်ကဆိုသည်။

ဦးလှသွင်ပြောသလိုပင် ရန်ကုန်မြို့ပေါ်က စာကလေးငှက်တို့အတွက် အသိုက်ရှားပါးလာကြောင်း စမ်းချောင်းမြို့နယ်နေ အိမ်ရှင်မတစ်ဦးက ထောက်ခံပြောဆိုသည်။ “ကျွန်မအိမ်မှာ တိုက်နံရံကိုဖောက်ပြီး အဲကွန်းတပ်တာ အဲဒီအပေါက်လေးထဲမှာ စာကလေးသိုက်လုပ်နေကြတယ်။ သနားလို့ မဖယ်ပစ်ပါဘူး၊ သစ်ပင်ခုတ်လှဲတာတွေကလည်း ငှက်ကလေးတွေ အိမ်ရာကိုဖျက်ဆီးတာနဲ့ အတူတူပဲဖြစ်နေတော့ သူတို့လည်း ရရာနေရာ ကျူးကျော်နေထိုင်ကြတာပဲ” ဟု ဆိုသည်။

ယခင်က ဦးလှသွင် အရပ်တကာလှည့် တံမြက်စည်းလိုက်ရောင်းသည်။ ပလတ်စတစ် တံမြက်စည်းများ ပေါ်လာချိန်တွင် ရောင်းအားနည်းလာခဲ့သည်။ တစ်နေကုန် တစ်လမ်းဝင်၊ တစ်လမ်းထွက်လျှောက်မှ တံမြက်စည်း ၅ ချောင်းလောက်သာ ရောင်းရပြီး ယင်းအမြတ်ငွေဖြင့် တစ်မိသားစုလုံးကို ထမင်း၀၀ မကျွေးနိုင်။ နောက်တော့ ဦးလှသွင်သမီးအကြီးက ငွေတိုးပေးစားရင်း အနည်းငယ်ပြေလည်လာခဲ့သည်။ သမီးကြီးက ရင်းနှီးငွေထုတ်ပေးသဖြင့် စာကလေးအိမ်လေးများကို နေ့ချင်းရှင်းစနစ်ဖြင့် ယူရောင်းခဲ့သည်မှာ ယခုနှစ်ထိဆိုလျှင် ၁၂ နှစ်တိုင်ခဲ့ပြီဖြစ်သည်။

၂ ထပ်တိုက် စာကလေးအိမ်ဆိုလျင် ၂,၅၀၀ ကျပ်မှ ၃,၀၀၀ ကျပ်အထိ ရောင်းလို့ရသည်၊ တစ်ထပ်တည်း လုံးချင်းအိမ်ဆိုရင် ၁,၂၀၀ မှ ၁,၅၀၀ ထိ ဈေးရှိသည်။ ၄င်းတွက် အမြတ်ကြမ်းကြမ်းလေးလည်းရ၊ ကုသိုလ်လည်းရသည်ဟု ပြောသည်။ ဦးလှသွင်အဖို့ တံမြက်စည်းရောင်းတုန်းကလို တစ်နေကုန် လျှောက်သွားနေဖို့မလို။ မနက် ၈ နာရီစရောင်းပါက ၁၂ နာရီဆိုလျှင် ပါလာသည့် စာကလေးအိမ် အလုံး ၂၀ ပြိုက်ခနဲကုန်သွားသည်။

စာကလေးအိမ်များကို ကမာရွတ်၊ စမ်းချောင်းနှင့် ကြည့်မြင်တိုင်မြို့နယ်များက အ၀ယ်များကြပြီး နေပြည်တော် ဖောက်သည်တစ်ဦးဆိုလျှင် တစ်ခါဝယ် ဆယ့်လေးငါးလုံး ၀ယ်လေ့ရှိကြောင်း၊ စာကလေးအိမ်လုပ်သည့် ဒိုင်သည် မြောက်ဥက္ကလာမြို့နယ်တွင်ရှိပြီး တစ်နေ့ အလုံးနှစ်ထောင်လောက် ထုတ်လုပ်ရကြောင်း၊ နယ်ဖောက်သည်လည်း ပေးကြောင်း၊ ရန်ကုန်မြို့တွင်း ဖောက်သည်ယူရောင်းသူ ၆ ဦးရှိကြောင်း ဦးလှသွင်က ပြောသည်။

စာငှက်ကလေးများအတွက် အိမ်ရာစီစဉ်ပေးသည့် အကျိုးကျေးဇူးကြောင့်ဖြစ်မည်။ မဆလခေတ်ကတည်းက ၄င်းတို့ ကျူးကျော်နေထိုင်ခဲ့သည့် နေရာကို ကျူးကျော်အဖြစ်မှ ပယ်ဖျက်ထားပေးသည်ဟု ၄င်းက ၀မ်းသာအားရပြောသည်။ "အဘတို့အိမ်ကို မြေခွန်လာကောက်တာ အကြိမ် ၂၀ ရှိပြီ။ အရင်ကတော့ ကျူးကျော်ဆိုပြီး ဖျက်ရတော့မလိုနဲ့ အခုတော့ စိတ်မပူရတော့ဘူး"ဟု ဦးလှသွင်ကဆိုသည်။

သို့သော် ယင်းအိမ်တွင် မိသားစုဝင် စုစုပေါင်းအယောက် ၂၀ စုပေါင်းနေထိုင်ကြသည်။ ဦးလှသွင်ကတော့ မိသားစုဝင် အများကြီးနှင့် နေရသည်ကို စိတ်မပျက်ပါဟုဆိုသည်။ သားသမီးအရင်း ၈ ဦး၏ အစွယ်အပွား မြေးမြစ်များနှင့် စာကလေးအိမ်လိုပင် မိုးလင်းလျှင် အရွယ်သုံးပါးရှိသော မိသားစုဝင်များ၏ စကားသံများဖြင့် ဝေစီနေသည်မှာ ပျော်စရာပင်ဖြစ်တော့သည်။

ဦးလှသွင်ကို ပျော်ရွှင်မှုပေးနိုင်သည့် မိသားစုဝင် ၂၀ ဦးထဲတွင် ရင်ခုန်စရာအကောင်းဆုံးသူ တစ်ဦးလည်း ပါလေသည်။ ၄င်းမှာ ဦးလှသွင်၏ ဇနီးသည်ပင်ဖြစ်သည်။ သူက အဘ နဲ့ ဘာသာမတူတော့ဘူး၊ သူက ဟိန္ဒူဘာသာထဲ ၀င်သွားတာ၊ ကုလားမီးနင်းပွဲတိုင်း သူပါတယ်။ မီးနင်းပွဲတိုင်း သူ့ကိုမသိတဲ့သူ မရှိဘူး။ အဘနဲ့ စညားတုန်းကတော့ ဗုဒ္ဓဘာသာပဲ။ နောက်ပိုင်းမှ ပြောင်းသွားတာဟုပြောသည်။ ဇနီးသည် သည် မီးနင်းပွဲမတိုင်မီ အဓိဋ္ဌာန်ဖြင့် သက်သတ်လွတ်စားသည်။ ကုလားမီးနင်းနေပုံမှာ သူ့အတွက် ရင်ခုန်အံသြမိပါသည်ဟု ဂုဏ်ယူဝံ့ကြွားစွာ ပြောသည်။

လွန်ခဲ့သည် ၁၂ နှစ်ကတည်းက ဦးလှသွင် စာကလေးငှက်အိမ်လေးများ ရောင်းလာခဲ့သည်မှာ ယနေ့ထိပင်ဖြစ်သည်။ အရပ်တကာ လှည့်ရောင်းနေရသော်လည်း ပင်ပန်းခြင်းမရှိ၊ ယနေ့ချိန်ထိ ကျန်းမာရေးလည်း ဒေါင်ဒေါင်မြည်၊ ဈေးမရောင်းရသည့် ရက်များဆို ခေါင်းကိုက်သလို၊ ခါးနာသလိုဖြစ်နေသည်။

ထမ်းပိုးထဲကို စာကလေးအိမ် အလုံး ၂၀ လောက်လျှိုသွင်းပြီး ထမ်းလိုက်ရပြီဆိုလျှင် ဦးလှသွင်ပျော်လာသည်။ တက်ကြွလာသည်။ စာကလေးအိမ်တစ်လုံး ရောင်းရတိုင်း သူတစ်ခါစိတ်ချမ်းသာမိသည်။ ပါလာသမျှ စာကလေးအိမ်များ တစ်ထိုင်တည်း ရောင်းထွက်သွားတိုင်း သူ့အိမ်နားက စာကလေးများအတွက် စာအိမ်တစ်လုံး ချိတ်ထားပေးလိုက်သည်။ အခုဆိုလျှင် သူ့အိမ်ရှေ့မှာ ၂ ထပ်တိုက် စာကလေးအိမ် ၄ လုံး ချိတ်ဆွဲထားပြီး ဖြစ်သည်။ တန်ဖိုးနည်းအိမ်ရာ ရောင်းနေသမျှ သူ့အိမ်ရှေ့တွင် စာကလေးအိမ်များ ပိုပိုတိုးပွားလာမည်ဟုလည်း ဦးလှသွင် ယုံကြည်ထားပါသည်။

မိမိသန့်
The Ladies News
https://www.facebook.com/News.TheLadies
ဝယ်ကြမလား တန်ဖိုးနည်းအိမ်ရာ ၀ယ်ကြမလား တန်ဖိုးနည်းအိမ်ရာ Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.