နယူးဒေလီ သြဂုတ် ၂၈
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် ဂယာမြို့မှ အိန္ဒိယအထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ အဂရာမြို့သို့ ဒေသ စံတော်ချိန် နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့်ဇနီးတို့အား အဂရာမြို့၌ ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ရှရီ ချန်ဒရာ ကန့်၊ ပြည်နယ်တရားသူကြီး မစ္စတာ ရှရီ ဂလိုဘယ် ဒိုင်ယာ နှင့် ပြည်နယ် အဆင့်အကြီးအကဲများက အဂရာမြို့လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။
ထို့နောက် ခေတ္တတည်းခိုနားနေမည့် Oberoi Amarvilas ဟိုတယ်သို့ ရောက်ရှိ ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့သည် Oberoi Amarvilas ရှိ စကျင်ကျောက် လက်မှုပန်းချီကျောက်ချပ်များနှင့် လူသုံးကုန်ပစ္စည်းများအား ကြည့်ရှု လေ့လာကြသည်။
ဆက်လက်၍ အဂရာမြို့ရှိ တာ့ဂ်ျမဟာကို သွားရောက်လေ့လာကြပြီး ဧည့်သည် တော်မှတ်တမ်းတွင်လက်မှတ်ရေးထိုးသည်။
အဆိုပါ တာ့ဂ်ျမဟာကို အဂရာမြို့ ယမုံနာမြစ်ကမ်းတောင်ဘက်နံဘေးရှိ (၄၂)ဧကအကျယ်ရှိမြေနေရာတွင် စကျင်ကျောက်ဖြင့်တည်ဆောက်ထားပြီး ၁၆၂၈-၁၆၅၈ခုနှစ်ထိ နှစ်ပေါင်း(၃၀) ကြာ တည်ဆောက်ခဲ့ရကြောင်း သိရသည်။
ဗိသုကာပညာရှင် Ustad Ahmad Lahauri ဦးဆောင်သည့် အဖွဲ့၏ ညွန်ကြား မှုဖြင့် လက်မှုပညာရှင် အင်အား ၂၀၀၀၀ ခန့်ပါဝင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တာ့ဂ်ျမဟာမှာ Shah Jahan ဘုရင်၏ မိဖုရား Mumatz Mahal၏ ဂူဗိမာန်ဖြစ်ပြီး ၁၉၈၃ခုနှစ်တွင် ယူနက်စကိုက World Heritage Site အဖြစ်သတ်မှတ် ခဲ့ကြောင်း၊ နှစ်စဉ် ခရီးသွား (၈)သန်းခန့်လာရောက်လျက်ရှိပြီး ကမ္ဘာ့အံ့ဖွယ် (၇)နေရာအနက် တစ်ခုအပါ အ၀င်ဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် အဂရာမြို့မှ အိန္ဒိယအထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ နယူးဒေလီမြို့ Palam လေတပ်စခန်းသို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ရုံးဝန်ကြီး မစ္စတာ ShriJitendra Singh နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့သည် နယူးဒေလီမြို့ရှိ အိန္ဒိယ သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနေအိမ်၌ သံရုံး၊ စစ်သံရုံးမှ ၀န်ထမ်းများ၊ မိသားစုဝင်များ၊ WHO တွင် တာဝန်ထမ်းဆောင်နေကြသည့် မြန်မာဆရာဝန်များ၊ ပညာတော်သင်ကျောင်းသားများအား တွေ့ဆုံပြီး သံအမတ်ကြီး ဦးအောင်ခင်စိုး နှင့်ဇနီး တို့က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး တာ့ဂ်ျမဟာသို့ သွားရောက်လေ့လာ
Reviewed by THITHTOOLWIN
on
06:02
Rating:
