ပြင်သစ်တွင် ဗလီနှင့် ၀တ်ပြုခန်း ၂၀ ကျော် ပိတ်သိမ်း


ပြင်သစ်တွင် အစွန်းရောက်အစ္စလာမ်ဝါဒဖြန့်ဖြူးဟောကြားမှုများကို အရေးယူရာ ဒီဇင်ဘာလမှစ၍ ဗလီနှင့် ၀တ်ပြုခန်းမ ၂၀ ကျော်ကို ပိတ်သိမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။ နောက်ထပ်လည်း ပိတ်သိမ်းပစ်မည့် ဗလီများရှိနေသေးကြောင်း ၎င်းကပြောသည်။

“ဗလီတွေ ၀တ်ပြုခန်းမတွေမှာ အမုန်းတရားဖြန့်ဖြူးသူတွေ၊ ကျွန်တော်တို့တိုင်းပြည်ရဲ့ ခံယူချက်သဘောတရားတွေ အထူးသဖြင့် ယောက်ျားမိန်းမ သာတူညီမျှမှုတွေကို မလေးစားသူတွေအတွက် ပြင်သစ်မှာ နေစရာနေရာမရှိဘူး”ဟု ဘားနတ်ကာဇေနူးက ပြင်သစ်မွတ်စလင်ကောင်စီလူကြီးများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ဒါကြောင့် ဥပဒေဘောင်၊ အုပ်ချုပ်ရေးဘောင်ထဲကနေပြီးတော့ အရေးပေါ်အခြေအနေအရ ဗလီတွေ ပိတ်ပစ်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပဲ ဖြစ်တယ်။ လက်ရှိ ဗလီ ၂၀ လောက် ပိတ်ပြီးပြီး။ နောက်ထပ်လည်း လာဦးမယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။


ယင်းအပြင် ၂၀၁၂ ခုနှစ်မှစ၍ လူဦးရေ ၈၀ ခန့် ပြင်သစ်မှ နှင်ထုတ်ခဲ့ကြောင်း၊ နောက်ထပ် ပြည်နှင်ဒဏ်ပေးမည့်သူများ ကျန်ရှိနေသေးကြောင်း ဆက်လက်ပြောကြားသည်။

ပြင်သစ်နိုင်ငံတွင် ဗလီနှင့် ၀တ်ပြုခန်း ၂၅၀၀ ကျော်ရှိပြီး ယင်းအနက်မှ ဗလီ ၁၂၀ ၀န်းကျင်ခန့်တွင် အစွန်းရောက် ဆာလာဖီ အစ္စလာမ်ဝါဒကို ဟောကြားဖြန့်ဖြူးနေသည်ဟု ယူဆရသည်။ ယခုရက်ပိုင်းအတွင်းဖြစ်ပွားခဲ့သော အကြမ်းမှုများအပြီး လုံခြုံရေးတပ်ဖွဲ့များ၏ ပြင်ဆင်ဆောင်ရွက်မှုအခြေအနေနှင့် ဗလီများကို ပြည်ပမှ ရံပုံငွေထောက်ပံ့နေခြင်းများနှင့်ပတ်သက်၍ ပြင်သစ်ပြည်သူများက မေးခွန်းထုတ်လျက်ရှိသည်။

ဗလီများအား ပြည်ပမှ ငွေကြေးထောက်ပံ့နေမှုနှင့်ပတ်သက်၍ ပြင်သစ်အစ္စလာမ်ဖောင်ဒေးရှင်းမှတဆင့် ဗလီများ၏ငွေကြေးစီးဆင်းမှု လုံးဝ ပွင့်လင်းမြင်သာမှုရှိစေရေး၊ ပြင်သစ်လူနေမှုဘ၀ကို လေးစားမှုရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း ကာဇေနူးက ပြောကြားသည်။

ပြင်သစ်ဝန်ကြီးချုပ် မန်နူရယ်ဗားလ်စ်ကလည်း ပြင်သစ်နိုင်ငံတွင် အစ္စလာမ်ဘာသာရေးလွတ်လပ်ခွင့်အတွက် ခက်ခဲသွားပြီဖြစ်ကြောင်း၊ ပြင်သစ်နှင့် အစ္စလာမ်ဘာသာ ဆက်နွယ်မှုများရှိသည့်တိုင် အစွန်းရောက်မှု၏ ကြောက်မက်ဖွယ်ရာ အဆိပ်အတောက်များ ပျံ့ပွားလျက်ရှိကြောင်း ပြောသည်။

“ပြင်သစ်ပြည်ရဲ့ လွတ်လပ်မှုကို ထိပါးစော်ကားသူတွေကို နှိမ်နင်းတဲ့နေရာမှာ အစ္စလာမ်က ကူညီပါဝင်မှု မရှိဘူးဆိုရင် ပြင်သစ်မှာ အစ္စလာမ်ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးဖို့ ပိုမို ခက်ခဲလာမှာဖြစ်တယ်”ဟု ၀န်ကြီးချုပ်က Dimanche ဂျာနယ်မှ ဖော်ပြခဲ့သည့် ဆောင်းပါးရှည်ကြီးတွင် ထည့်သွင်းရေးသားခဲ့သည်။

ပြင်သစ်နိုင်ငံရှိ ဗလီများအားလုံး၏ ငွေကြေးလည်ပတ်စီးဆင်းမှုကို တာဝန်ယူဆောင်ရွက်မည့် ဖောင်ဒေးရှင်းတခု တည်ထောင်ရန် စီစဉ်လျက်ရှိကြောင်း ပြင်သစ်မွတ်စလင်ကောင်စီအကြီးအကဲ အာနူဝါကဘီဘက်က သြဂုတ် ၁ ရက်နေ့က ပြောသည်။

Ref;RT
News Watch(စောင့်ကြည့်သတင်းဂျာ
https://www.facebook.com/NewsWatchJournal
ပြင်သစ်တွင် ဗလီနှင့် ၀တ်ပြုခန်း ၂၀ ကျော် ပိတ်သိမ်း  ပြင်သစ်တွင် ဗလီနှင့် ၀တ်ပြုခန်း ၂၀ ကျော် ပိတ်သိမ်း Reviewed by THITHTOOLWIN on 22:11 Rating: 5
Powered by Blogger.