ရခိုင်ဓါတ်ငွေ့ပိုက်လိုင်းကြောင့် နစ်နာခဲ့မှုတွေ စတင် စစ်ဆေး


ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း က ကျေးရွာအုပ်စု ၉ အုပ်စုမှာ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း ဖောက်လုပ်ခဲ့လို့ ပျက်စီးသွားခဲ့ရတဲ့ လယ်ယာမြေတွေ ကို အာဏာပိုင်တွေက စစ်ဆေးရေး အဖွဲ့ ဖွဲ့ပြီး ဩဂုတ်လ ၁၄ ရက်နေ့က စပြီး စစ်ဆေးနေပြီ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်က ပိုက်လိုင်း စတင် လုပ်စဉ်မှာ လယ်သမားတွေ က သီးနှံ လျော်ကြေး သာ ရရှိခဲ့ပြီး မြေလျော်ကြေး မရ ရှိခဲ့တဲ့ အတွက် အခုလို စစ်ဆေးတာ ဖြစ်ကြောင်း အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောပါတယ်။

စစ်ဆေးရေး အဖွဲ့မှာ ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်စား လက်ထောက် ညွှန်ကြား ရေးမှူးက ဦးဆောင်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် စိုက်ပျိုးရေး နဲ့ ဆည်မြောင်း တာဝန်ရှိသူတွေနဲ့ တောင်သူ ၁၂ ဦး ပါဝင်ပါတယ်။

သက်ဆိုင်ရာက ထုတ်ပြန်တဲ့ စာရင်းထဲမှာ ကျပ်ငွေသိန်းပေါင်း ရှစ်ထောင် ကျော် လျော်ကြေးပေးခဲ့တယ်လို့ ထုတ်ပြန် ပေမယ့် လယ်သမားတွေက ကျပ် သိန်းပေါင်း သုံးထောင် ကျော်သာ ရရှိသေးတဲ့ အတွက် လျော်ကြေး ကွာဟမှု ကိုလည်း ဖြေရှင်းပေဖို့လိုကြောင်း လယ်သမား ခေါင်းဆောင် ဦးမျိုးလွင် က ပြောပါတယ်။

လျော်ကြေးငွေ သိန်းပေါင်း ငါးထောင် ကျော်ကွာဟ နေတဲ့ အပေါ်မှာ အချက်အလက် အတိအကျ ရရှိဖို့ စုံစမ်း မှုတွေ လုပ်နေတယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ က ပြောပါတယ်။

လယ်သမားတွေ ရဲ့ တောင်းဆိုချက် ကို တာဝန်ရှိသူတွေက စုံစမ်းရေး အဖွဲ့ဖွဲ့ပြီး စစ်ဆေးမှုတွေ လုပ်လာတဲ့ အပေါ်မှာတော့ ဒေသခံ လယ်သမားတွေက ကြိုဆိုခဲ့ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရခိုင်ဓါတ်ငွေ့ပိုက်လိုင်းကြောင့် နစ်နာခဲ့မှုတွေ စတင် စစ်ဆေး ရခိုင်ဓါတ်ငွေ့ပိုက်လိုင်းကြောင့် နစ်နာခဲ့မှုတွေ စတင် စစ်ဆေး Reviewed by THITHTOOLWIN on 08:31 Rating: 5
Powered by Blogger.