စစ်ရေးတင်းမာမှုတွေကြောင့် ဒေသ ခံတွေ လယ် မလုပ်နိုင်

ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ်။ Photo: Kyaw Myo Min/ RFA
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ ဖားကန့်မြို့နယ်မှာ အခုတလော အစိုးရတပ်နဲ့ ကေအိုင်အို တပ်တွေ အကြား စစ်ရေးတင်းမာမှုတွေ များလာတာတွေကြောင့် ဒေသခံ လယ်သမားတွေ လယ်ယာလုပ်ငန်းမလုပ်နိုင် ကြဘူးလို့ သိရပါတယ်။

ဖားကန့်မြို့နယ် ရှထူးစွပ် ကျေးရွာအနီး ချောင်းစုံ၊ လောဂျာ၊ စတဲ့ဒေသတွေမှာ အစိုးရနဲ့ ကေအိုင်အို တပ်တွေ အကြား မနေ့က တိုက်ပွဲဖြစ်ပွါးခဲ့သလို ဒီနေ့လည်း စစ်ရေးတင်းမာနေတဲ့အကြောင်း ရှထူးစွပ် ဒေသခံ ဦးထွယ်အောင်က RFA ကို ပြောပါတယ်။

"မနေ့ကတော့ ခါဒါ ချောင်းနဲ့ လမုန့်ဒူ အဲ့ဒီဝန်းကျင်မှာဖြစ်ပါတယ်၊ မနက် ၃ နာရီလောက်ကနေ စဖြစ်ပြီး ညနေစောင်းလောက်မှ အသံတွေ တိတ်သွားတယ် ၊ တင်းမာနေတုန်းပဲ အခုအချိန်အထိ လောလောဆယ် စစ်အင်အားတောင်မှ တက်လာတယ်လို့ ကျနော်တို့ သတင်းကြားမိပါတယ်၊ နမ္မတီးဘက်ကနေ တက်လာပါတယ်၊ ရှထူးစွပ် ဘက်ကို ကားနဲ့တက်ခဲ့တာ သူတို့က"

လက်ရှိစစ်ရေးအခြေအနေတွေကြောင့် ရှထူးစွပ်ကျေးရွာက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေမှာ စစ်ဘေးရှောင် ဒုက္ခသည် ၅ဝဝ လောက်ရောက်ရှိနေသလို ဒေသခံတွေအနေ နဲ့ နှစ်ဘက်တပ်တွေက သွားလာခွင့်ပိတ်ထားတာကြောင့် သူတို့ရဲ့လယ်တောတွေကိုသွားပြီး လယ်ယာ မလုပ်နိုင်ကြဘူးလို့လည်း သူက ဆက်ပြောပြပါတယ်။

"ကားလမ်းတွေမှာကျတော့ လိုင်းကားတွေ သွားနေတုန်းပဲ ဒါပေမဲ့ တော်တော်လေး အမေးအမြန်းတွေ ရှိပါတယ်၊ စစ်ဖြစ်နေတဲ့ နေရာတွေမှာကျတော့ ကျနော်တို့သွားလို့မရတော့ဘူး ၂ ဘက်စလုံးကနေ မာရှယ်လော ထုတ်လိုက်ပြီ၊ ဘယ်လိုမှ သွားလို့မရတော့ဘူး လောလောဆယ် အခက်အခဲဖြစ်နေတာက ဒီမှာ ရှထူးစွပ်ဒေသခံတောင်သူတွေက အခုအချိန်မှာ လယ်လုပ်နေတာ၊ လယ်လုပ်တာကို တချို့တွေက မပြီးသေးဘူး အခုမှ စိုက်နေတုန်း ရှိသေးတယ်၊ မြစ်ကြီးနားနဲ့ လော့ဒ်ဂျာလမ်းမှာ အစိုးရတပ်က ဂိတ်နဲ့ပိတ်ထားတော့ ဘယ်သူမှ သွားခွင့်မရတော့ဘူး၊ အခုက လယ်လုပ်တဲ့အဖွဲ့တွေလည်း လုံခြုံမှုမရှိတော့ ထားခဲ့ပြီးတော့ အကုန်လုံးရွာဘက်ကို ထွက်လာကြပါပြီ"

ရှထူးစွပ် ဒေသခံ ကချင်နဲ့ ရှမ်းလူမျိုးအများစုဟာ လယ်လုပ်ငန်း လုပ်ကိုင်ကြသူတွေဖြစ်ပါတယ်။

ဟူးကောင်းချိုင့်ဝှမ်းအတွင်းရှိ ဖားကန့်မြို့နယ် ရှထူးစွပ်ကျေးရွာ အနီးဝန်းကျင်မှာ အစိုးရနဲ့ ကေအိုင်အို တပ်တွေ အခုလဆန်းပိုင်းကစလို့ တိုက်ပွဲတွေ ဖြစ်ပွါးလာခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် ရွှေတူးဖေါ်ရေးလုပ်ငန်းနဲ့ တခြားရောင်းဝယ်ရေးလုပ်ငန်းတွေလည်း အတော်များများ ရပ်ဆိုင်းကုန်တယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
စစ်ရေးတင်းမာမှုတွေကြောင့် ဒေသ ခံတွေ လယ် မလုပ်နိုင်  စစ်ရေးတင်းမာမှုတွေကြောင့် ဒေသ ခံတွေ လယ် မလုပ်နိုင် Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.