ကလေးမြို့တွင် အမျိုးသမီး ၁ ဦးအား အမျိုးသား ၅ ဦးမှ ရဲဝန်ထမ်းအယောင်ဆောင်ကာ အုပ်စုဖွဲ့ သားမယားပြုကျင့်မှု ဖြစ်ပွား


စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တာဟန်းရပ်ကွက်တွင် သြဂုတ် ၃ ရက်၊ ည ၁၁း၃၀ ခန့်က ရည်စားနှင့် ချိန်းတွေ့သည့် အမျိုးသမီးတစ်ဦးကို အမျိုးသား ၅ ဦးမှ ရဲဝန်ထမ်းအယောင်ဆောင်ကာ လိမ်လည် ခေါ်ဆောင်ပြီး သားမယားအဖြစ် အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ကလေးမြို့မ ရဲစခန်းမှ သိရှိရသည်။

“ရဲဝန်ထမ်းအယောင်ဆောင်ပြီး အမျိုးသမီးကို လိမ်လည်ခေါ်ဆောင် အတင်းအဓမ္မ သားမယားပြုကျင့်ခဲ့တဲ့ တရားခံ ၅ ယောက်ထဲက ၄ ယောက်ကိုတော့ သြဂုတ် ၄ ရက်နေ့ နံနက်ပိုင်းမှာ ချက်ချင်း ဖမ်းမိလိုက်ပါပြီ။ တစ်ယောက်ကတော့ ထွက်ပြေး လွတ်မြောက်နေလို့ ရှာဖွေဖမ်းဆီးနေပါတယ်”ဟု ကလေးမြို့မ ရဲစခန်းမှ ဒုရဲအုပ်သူရဇော်က ပြောသည်။

အဆိုပါ အမျိုးသမီးကို ဆိုင်ကယ် ၂ စီးဖြင့် အမျိုးသား ၅ ဦးမှ ၎င်းတို့မှာရဲများဖြစ်၍ စစ်မေးစရာရှိသဖြင့် ရဲစခန်းသို့ လိုက်ခဲ့ရန် ပြောဆိုခဲ့ပြီး ရဲစခန်းသို့ မလိုက်ချင်ပါက ငွေပေးရမည်ပြောသဖြင့် အမျိုးသမီးမှ ၃ သောင်း ကျပ်ပေးသော်လည်း လက်မခံဘဲ ရဲစခန်းလိုက်ခဲ့ရန် ခေါ်သွားခဲ့ပြီး အမျိုးသမီး၏ရည်းစားဖြစ်သူကို ခြိမ်းခြောက် ချန်ထားခဲ့ကြောင်း သိရသည်။

ထို အမျိုးသား ၅ ဦးမှာ အမျိုးသမီးကို တာဟန်းရပ်ကွက်- လက်ပံချောင်းရွာသွား ကားလမ်းပေါ်ရှိ ဒိုးဝိုင်းချောင်း သုဿာန်ဟောင်း ဘက်သို့ ခေါ်သွားခဲ့ပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ကလေးမြို့မရဲစခန်းမှ သိရသည်။

အဓမ္မ ပြုကျင့်ခံရသည့် အမျိုးသမီးမှာ ကလေးမြို့ တောင်ဖီလာရပ်ကွက်နေ အသက် ၂၈ နှစ်အရွယ် မ…….. ဖြစ်ပြီး ရဲဝန်ထမ်းအယောင်ဆောင် အဓမ္မသားမယားပြုကျင့်ခဲ့သည်ဟု စွဲဆိုခံထားရသူ ၅ ဦးမှာ ကလေးမြို့၊ မင်္ဂလာဥယျာဉ် ရပ်ကွက်နေ အသက် ၂၃ နှစ်ရှိ မောင်ပြည့်စုံအောင်၊ အသက် ၂၅ ရှိ မောင်အာကာစိုး အသက် ၁၉ နှစ်ရှိ မောင်ဟိန်းထက်နိုင်၊ အောင်ကျော်ဟိန်း (ခ) ကိုရင်ကြီးနှင့် ညောင်ပင်သာရပ်ကွက်နေ အသက် ၁၉ နှစ်ရှိ ဆင်ပေါက် (ခ) လင်းထက်အောင်တို့ ဖြစ်ကြောင်း ကလေးမြို့မရဲစခန်း၏ တိုင်တန်းချက်အရ သိရသည်။

အဆိုပါ တရားခံဟုယူဆရသူ အမျိုးသား ၅ ဦးအနက် အောင်ကျော်ဟိန်း (ခ) ကိုရင်ကြီးသည် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ကျန် ၄ ဦးကိုမူ သားမယားပြုကျင့်ခံရသည့် မ………မှ တရားလိုပြု၍ ကလေးမြို့မ ရဲစခန်းတွင် (ပ)၃၀၂/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၁၇၀/၃၆၆/၃၇၆/၃၇၇/၁၁၄ တို့ဖြင့် အမှုဖွင့် တိုင်တန်းထားကြောင်း သိရသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies
ကလေးမြို့တွင် အမျိုးသမီး ၁ ဦးအား အမျိုးသား ၅ ဦးမှ ရဲဝန်ထမ်းအယောင်ဆောင်ကာ အုပ်စုဖွဲ့ သားမယားပြုကျင့်မှု ဖြစ်ပွား  ကလေးမြို့တွင် အမျိုးသမီး ၁ ဦးအား အမျိုးသား ၅ ဦးမှ ရဲဝန်ထမ်းအယောင်ဆောင်ကာ အုပ်စုဖွဲ့ သားမယားပြုကျင့်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 16:58 Rating: 5
Powered by Blogger.